ရုရှား သံအမတ် အင်ကာရာမှာ သေနတ်နဲ့ ပစ်သတ် ခံရ

  • 19 ဒီဇင်ဘာ 2016
Image caption ရုရှား သံအမတ် အန်ဒရေ ကားလော့ဗ်

တူရကီ ဆိုင်ရာ ရုရှား သံအမတ် အန်ဒရေ ကားလော့ဗ် တစ်ယောက် အင်ကာရာ မြို့မှာ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရပါတယ်။

ဆီးရီးယား ပဋိပက္ခထဲ ရုရှားရဲ့ ပါဝင် ပတ်သက်မှုကို မကျေနပ်တဲ့ သေနတ်သမား တစ်ယောက်က ပစ်သတ် ခဲ့တာ ဖြစ်တယ်လို့ ကနဦး ထွက်ပေါ် လာတဲ့ သတင်းတွေက ဆိုပါတယ်။

ပစ်ခတ်မှု အတွင်း တခြား လူ တချို့လည်း ဒဏ်ရာ ရရှိ သွားပါတယ်။

ဆီးရီးယားထဲ ရုရှားက စစ်ရေး အရ စွက်ဖက် နေတဲ့ အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေ တူရကီမှာ ပေါ်ပေါက် ခဲ့ပြီး နောက် တစ်ရက်မှာပဲ အခုလို ရုရှား သံအမတ် သတ်ဖြတ် ခံရတာ ဖြစ်ပါတယ်။

တာ့ခ် လူမျိုးတွေ က ရုရှား အပေါ် ဘယ်လို မြင်သလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြပွဲ အင်ကာရာ မှာ လုပ်နေတာကို သံအမတ် ကားလော့ဗ် တက်ရောက် နေတုန်း အခင်း ဖြစ်ခဲ့တာလို့ ရုရှား အစိုးရပိုင် ရုပ်မြင်သံကြားက ပြောပါတယ်။

အဲဒီ့ အခမ်းအနားမှာ မစ္စတာ ကားလော့ဗ် စကား ပြောနေတုန်း ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာပါ။

အနောက်တိုင်း ဝတ်စုံပြည့် သပ်သပ်ရပ်ရပ် ဝတ်ဆင် ထားတဲ့ သေနတ် သမားကို ဗီဒီယို ထဲ တွေ့မြင် ရပြီး၊ အလက်ပို အရေး မမေ့ ကြနဲ့ လို့ အော်ဟစ် သံနဲ့ အတူ၊ အာရပ် ဘာသာ စကားနဲ့ "ဘုရားသခင်ဟာ ကြီးကျယ် မြင့်မြတ်တယ်" ဆိုပြီး တော့လည်း သေနတ်သမား ကြွေးကြော် ခဲ့ပါတယ်။

အဲဒီ့ သေနတ်သမားကို ထိန်းချုပ် လိုက်နိုင်တယ်လို့ တူရကီ ရဲက ပြောပေမယ့်၊ အသေ ဖမ်းမိတာလား၊ ဘယ်လို ပုံစံမျိုး ထိန်းချုပ် နိုင်တာလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ ဂျွန် ကာဘီ ကလည်း အကြမ်းဖက် လုပ်ဆောင်မှု အပေါ် ရှုတ်ချကြောင်း ပြောသလို၊ သေဆုံးသူရဲ့ ကျန်ရစ်သူ မိသားစု အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ