ဘာလင်တိုက်ခိုက်မှု လက်သည်ကို ဖမ်းမိထားသလား မသေချာ

  • 20 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Bernd Thissen
Image caption ဘာလင်မှာ ခရစ္စမတ် ပွဲခင်းအတွင်း ထရပ်ကားနဲ့ ဝင်တိုက်

ဘာလင်က ခရစ္စမတ် စျေးခင်းထဲ ထရပ်ကားနဲ့ မောင်းဝင်ပြီး လူတွေကို တိုက်ခိုက်ခဲ့တဲ့ ကားသမားဟာ အခု ဖမ်းမိထားသူ ဟုတ်မဟုတ် မသေချာဘူးလို့ ဂျာမန် အာဏာပိုင်တွေက ပြောပါတယ်။

ဒီအတွက် ပါကစ္စတန် က လို့ ယူဆရသူ တယောက်ကို ဖမ်းထားပြီး ဒီလူက သူနဲ့ မပတ်သက်ကြောင်း ငြင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အနည်းဆုံး တယောက်နဲ့ တယောက်ထက် မကတဲ့ တိုက်ခိုက်သူတွေ လွတ်ကျန်နေနိုင်တာမို့ လူတွေ သတိထားကြဖို့ ဂျာမနီ ရဲချုပ်က သတိပေး လိုက်ပါတယ်။

မူလ ကားမောင်းသမားလို့ ယူဆရသူ ပိုလန် လူမျိုး ကို ခရီးသည် ခုံပေါ်မှာ ပစ်သတ် ထားတာ တွေ့ခဲ့ရပြီး သေနတ်က ပျောက်နေတယ် လို့လည်း သူက ဆိုပါတယ်။

ဒီ လူ ၁၂ ယောက် သေဆုံးရတဲ့ ထရပ်ကားနဲ့ ဝင် တိုက်မှုဟာ အကြမ်းဖက် လုပ်ရပ်ဆိုတာ ငြင်းနိုင်စရာ မရှိကြောင်းလည်း ဂျာမနီ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံက လာတဲ့ သူ

ဒီလော်ရီကားကို မောင်းပြီး ၀င်တိုက်ခဲ့တဲ့ သူလို့ စွပ်စွဲခံရသူက အသက် ၂၃ နှစ်ရှိတဲ့ ပါကစ္စတန်နိုင်ငံက လာတဲ့ သူ တယောက် ဖြစ်ပါတယ်။ သူဟာ ဖေဖော်ဝါရီလတုန်းက ဂျာမနီကို ရောက်လာပြီး ဒုက္ခသည်တွေ ထားတဲ့ အဆောင်မှာ နေကာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားတဲ့ သူ ဖြစ်ပါတယ်။ ဒီကြားထဲမှာ သူဟာ ရဲမှတ်တမ်းတွေ အရ ပြစ်မှု အသေးစားတွေ ကျူးလွန်ဖူးခဲ့ပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်စပ်တာ မတွေ့ရဘူးလို့ ရဲက ပြောပါတယ်။

မနေ့က ဘာလင်မြို့အနောက်ပိုင်းမှာ ရှိတဲ့ Breitscheidplatz ဘရက်ရှိုင်းထ် ပလက်စ် အရပ်က ခရစ်စမတ် စျေးရောင်းပွဲမှာ လူစည်ကားနေတဲ့ အချိန် ည ရှစ်နာရီလောက် မှာ စတီးချောင်းတွေ အပြည့်တင်ထားတဲ့ ထရပ်ကားနဲ့ တဟုန်ထိုး ဆိုင်တန်းတွေ လူတွေကို အကြမ်းပတမ်း ၀င်တိုက်ခဲ့တာ ဖြစ်ပြီး ကားဟာ စျေးတန်းအတွင်း ကိုက်တရာနီးပါးလောက်ကို မောင်း၀င် သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

အခုလို တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် အနားက Tiergarten တီယားဂါးဒန်း ပန်းခြံ အမှောင်ထဲ ပြေး၀င်သွားတဲ့ သူကို နောက်က လိုက်ဖမ်းတဲ့ ရဲရင့်တဲ့ မျက်မြင်သက်သေ လူတယောက်ကြောင့် အခုလို ဖမ်းမိတာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

အခင်း ဖြစ်တဲ့ နေရာကနေ ရဲဆီ ဖုန်းဆက်သူတွေထဲ တယောက်ကတော့ လူဆိုးနောက်ကို ခပ်လှမ်းလှမ်းက နောက်ယောင်ခံ ပြေးလိုက်ရင်း ရဲကိုလည်း ဘယ်နေရာရောက်နေတယ် အခြေအနေ ဘယ်လို ရှိနေတယ် ဆိုတာကို ဖုန်းပေါ်ကနေ ရဲကို ပြောခဲ့တာ ဖြစ်ပါတယ်။ အဲလို ပြေးလွှားရင်း နှစ်ကီလိုမီတာလောက်မှာ ရဲက ပန်းခြံအလယ် ထရပ်ကား မောင်းသမားကို မိသွားခဲ့တာ ဖြစ်ပါတယ်။ လူတွေရဲ့ သတင်းပေးမှု ရဲရင့် ပြောင်မြောက်မှုတွေက အံ့မခန်းပါဘဲလို့ ရဲ ပြောခွင့်ရသူ ဗင်းဖရိဒ် ဗန်ဇယ်လ် က ဆိုပါတယ်။

အခင်းဖြစ်တဲ့ နေရာမှာ ထိခိုက် ဒဏ်ရာရသူတွေကို ကူညီခဲ့တဲ့ အီဘရာဟင် ကိုလာခ် ဆိုသူကလည်း လူတွေက ကြမ်းပြင်ပေါ်မှာ အားလုံး လဲနေတာ တွေ့တယ် ၊ အလောင်းတွေလဲ ဆင့်နေပြီး သစ်သားစတွေလည်း ပြန့်ကျဲနေတာ တွေ့ရတယ် ။ ကိစ္စ ဖြစ်ပြီး ခြောက်မိနစ်လောက်ကြာတော့ ရဲတွေ ရောက်လာတာပဲ ။ လူနာတင် ယာဉ်တွေကတော့ ခပ်မြန်မြန် ရောက်လာတော့ ကျနော်တို့တွေ ရှင်းတာ လင်းတာ စလုပ်ကြတာပေါ့လို့ ပြောသွားပါတယ်။

ဓာတ်ပုံ မူပိုင် MAURIZIO GAMBARINI
Image caption တိုက်ခိုက်သူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲက ဘာလင်မှာ ဖြစ်ပွားတဲ့ ခရစ္စမတ် ပွဲခင်းအတွင်း ထရပ်ကားနဲ့ ဝင်တိုက်မှု ကို ထိတ်လန့် ခြောက်ခြားစရာ လုပ်ရပ်လို့ ပြောကြားခဲ့ပြီး တိုက်ခိုက်သူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်လို့ ဆိုပါတယ်။

ကျွန်မတို့ တတွေ အကြောက်တရားတွေနဲ့ ပြားဝပ်ပြီး မနေချင်ပါဘူး။ ဂျာမနီမှာ ကျွန်မတို့ လွတ်လပ် ပွင့်လင်းစွာနဲ့ အတူတကွ လက်တွဲ နေနိုင်အောင် အစွမ်းသတ္တိ ရှိဖို့ ကြိုးစားကြရပါလိမ့်မယ်လို့ မစ္စစ် အန်ဂလာ မာကဲက ပြောဆိုပါတယ်။

အခု တိုက်ခိုက်မှုကို ကျူးလွန်သူလို့ သံသယ ဖြစ်ခံနေရသူဟာ ရွေ့ပြောင်း ဝင်ရောက်လာတဲ့ ဒုက္ခသည် တယောက် ဖြစ်တာကြောင့် ဒီ ဒုက္ခသည်ကို လူသားချင်း စာနာမှု အရ အကူအညီပေးဖို့ ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် အန်ဂလာမာကဲ အတွက် အခက်ကြုံစေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ခိုလှုံခွင့် တောင်းခံထားသူ တယောက်က ဒီတိုက်ခိုက်မှုကို ကျူးလွန်တယ် ဆိုတာ သေချာရင်တော့ အရမ်းကို စိတ်ပျက်မိမှာပဲ လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲက ပြောပါတယ်။

အခုနှစ် အတွင်း ဂျာမနီမှာ အစ္စလမ် ဝါဒီ စစ်သွေးကြွ တွေရဲ့ အလားတူ တိုက်ခိုက်မှု တော်တော် များများ ဖြစ်ခဲ့ပြီး လူတွေဆယ်ဂဏန်းနဲ့ချီ သေဆုံးခဲ့သလို ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် ဘာလင်မြို့က တိုက်ခိုက်မှုကတော့ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ပြင်သစ်နိုင်ငံ နီးစ် မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ အလားသဏ္ဍာန် တူတဲ့ လူအုပ်ရှိရာကို လော်ရီကားနဲ့ တဟုန်ထိုး ဝင်တိုက်ကာ အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ နီးစ် မြို့တော်၀န်ကလည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူတွေ စိုးရိမ်ပူပန်နေကြပြီး အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ လမ်းတွေပေါ် မထွက်ရဲ ဖြစ်နေကြတယ်လို့ ဘာလင်က မြန်မာ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ