ဂျာမနီ ကုန်ကား တိုက်မှု မသင်္ကာသူကို ပြန်လွှတ်

  • 21 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Getty Images
Image caption IS အဖွဲ့ ကတော့ ကုန်ကား နဲ့ တိုက်ခိုက် ခဲ့မှု က သူတို့ ရဲ့ စစ်သည်တော် တစ်ယောက် လုပ်တာလို့ ထုတ်ပြန် ကြေညာပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ က ဂျာမနီ နိုင်ငံ ဘာလင် မြို့က ခရစ်စမတ် ဈေးတန်း ကို ကုန်တင်ကား ဝင် တိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် ဖမ်းဆီး ထားတဲ့ မသင်္ကာသူ ကိုလည်း အထောက်အထား မခိုင်လုံတဲ့ အတွက် လွှတ်ပေး လိုက်ပါတယ်။

ကုန်တင်ကား နဲ့ မောင်းဝင်ပြီး တိုက်ခိုက်ခဲ့တဲ့ အဓိက တရားခံ ကို ဖမ်း မမိမချင်း သူတို့တွေ အနားယူမှာ မဟုတ်ဘူးလို့ စုံစမ်းစစ်မေးမှု ကို ဦးဆောင် နေတဲ့ ဂျာမနီ ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။

အခု တိုက်ခိုက်မှု က အကြမ်းဖက် မှုလို့ ဂျာမန် ပြည်ထဲရေး ဝန်ကြီး က ပြောပေမယ့် အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ တိုက်ခိုက်မှုလား ဆိုတဲ့ မေးခွန်း ကိုတော့ သူက စုံစမ်း စစ်ဆေး နေဆဲ သာ ဖြစ်ကြောင်း ဖြေကြား သွားခဲ့ပါတယ်။

IS အဖွဲ့ ကတော့ ကုန်ကား နဲ့ တိုက်ခိုက် ခဲ့မှု က သူတို့ ရဲ့ စစ်သည်တော် တစ်ယောက် လုပ်တာလို့ ထုတ်ပြန် ကြေညာပါတယ်။

ခရစ်စမတ် ဈေးတန်း ကို ကုန်တင်ကား နဲ့ ဝင်တိုက် ခဲ့မှု ကြောင့် လူ ၁၂ ဦး သေဆုံး ခဲ့ရပြီး နောက်ထပ် လူ ၅၀ ဟာလည်း ဒဏ်ရာ ရရှိ သွားခဲ့ပါတယ်။

ဘာလင်က ခရစ်စမတ် ဈေးတန်း ကို ကားနဲ့ ဝင်တိုက်ခဲ့မှု ဖြစ်ပွား ခဲ့ပြီး နောက်ပိုင်း မှာ မြို့သူ မြို့သား တွေ အနေနဲ့ စိုးရိမ် ထိတ်လန့်မှု မရှိကြဖို့ ဘာလင် မြို့တော်ဝန် က ပန်ကြား လိုက်ပါတယ်။

ဘာလင် မြို့သားတွေ အနေနဲ့ ကြောက်လန့်ပြီး အိမ်ထဲ မှာ မနေကြဖို့ တိုက်တွန်း လိုပါတယ်။ ဒါပေမယ့် လုံခြုံရေး ကို အထူး အလေးထား ကြဖို့တော့ သတိပေး လိုကြောင်း ဘာလင် မြို့တော်ဝန် မီးခေး မူလာ က ပြောကြား ခဲ့ပါတယ်။

ဂျာမန် ပြည်သူ တွေ အနေနဲ့ အကြောက် တရားနဲ့ မဝံမရဲ မဖြစ်ဘဲ မိမိတို့ ဆောင်ရွက်စရာ ရှိတာတွေကို အကြောက်တရား ကင်းကင်း နဲ့ ဆောင်ရွက် ကြဖို့ ဝန်ကြီးချုပ် အန်ဂလာ မာကဲ ကလည်း ပန်ကြား ခဲ့ပါတယ်။

ကုန်တင်ကား ဝင်တိုက်ခံရတဲ့ ခရစ်စမတ် ဈေးတန်း နဲ့ မနီးမဝေးမှာ ရှိတဲ့ ကိုင်ဇာ ဝီလျံ ဘုရားကျောင်း မှာလည်း ကွယ်လွန် ခဲ့ကြသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနား ကို ကျင်းပ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ