IS နဲ့ တိုက်ရင်း တူရကီဘက်က ၁၄ ယောက်ကျ

  • 21 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption သြဂုတ်လ နောက်ပိုင်းက စပြီး ဆီးရီးယားမှာ ဝင်တိုက်နေတဲ့ တူရကီ စစ်တပ်

IS အစ္စလာမ္မစ် နိုင်ငံတပ်က စစ်သွေးကြွတွေနဲ့ တိုက်ခိုက်ရင်း တူရကီ စစ်သား ၁၄ ယောက် ဆီးရီးယား မြောက်ပိုင်းက al-Bab မြို့နားမှာ ကျဆုံးတယ်လို့ တူရကီ စစ်တပ်က ပြောကြား ပါတယ်။

ဒီမြို့ဟာ IS တွေ ထိန်းချုပ် ထားတဲ့ မြို့ပါ။

သြဂုတ်လ နောက်ပိုင်းက စပြီး ဆီးရီးယားမှာ ဝင်တိုက်နေတဲ့ တူရကီ စစ်တပ် အဖို့ ဒါဟာ တရက်အတွင်း အထိအခိုက် အကျအဆုံး အများဆုံး လို့ ပြောလို့ ရပါတယ်။

တူရကီ သမ္မတ ရီဂျပ် တာဒိုဝမ် ကတော့ IS တွေ လက်က မြို့ပြန်သိမ်းနိုင်ဖို့ တူရကီ က ကူတိုက်ပေးနေတယ်လို့ ပြောပါတယ်။

al-Bab ကို ဆီးရီးယား လွတ်မြောက်ရေး တပ်နဲ့ ကျနော်တို့တပ်တွေက လုံးဝ ထိန်းချုပ် နေနိုင်ပါပြီ။ IS တွေ ကတော့ သူတို့ အသက်ဘေး အတွက် ကျားကုပ်ကျားခဲ တိုက်နေရတာပါလို့ တူရကီ သမ္မတ တာဒိုဝမ်က ဆိုပါတယ်။

စစ်သွေးကြွ ၁၃ဝ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့လည်း တူရကီ ဘက်က ပြောကြား ပါတယ်။

နယ်စပ်နဲ့ ၁ဝ မိုင်ကျော်ပဲ ဝေးတဲ့ ဒီမြို့ကို ဂျီဟတ်ဝါဒီတွေ လက်က ပြန်လည် သိမ်းပိုက်ဖို့ တူရကီ ဘက်က ဆီးရီးယား သူပုန်တွေနဲ့ အတူ ၃ လ ကြာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။