ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အစ္စရေးဒေါသတကြီးတုန့်ပြန်

  • 24 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ပါလက်စတိုင်းမြေပေါ်မှာ အခြေချအိမ်ရာဆောက်တာ ငြိမ်းချမ်းရေးအတွက် ပြဿနာမရှိလို့ အစ္စရေးက ပြောဆိုနေခဲ့

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းမြေမှာ အစ္စရေးရဲ့ အခြေချ အိမ်ရာတိုးချဲ့ ဆောက်လုပ်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုချက်ကို အစ္စရေးက ဒေါသတကြီး ပယ်ချလိုက်ပါတယ်။

အစ္စရေးအတွက် ရှက်ဖို့ကောင်းတဲ့ သတ်မှတ်ချက်တွေပါတဲ့ ဒီဆုံးဖြတ်ချက်ကို လိုက်နာမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောပါတယ်။

ပါလက်စတိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒါဟာ နိုင်ငံတကာ ဥပဒေရဲ့ အောင်ပွဲတရပ်ပဲလို့ ပြောဆိုလိုက်ပါတယ်။

ပါလက်စတိုင်းဒေသ ဘက် သလေ ဟန်မြို့က မန်ဂျာရင်ပြင်မှာ ဒီကိစ္စအတွက် စုဝေးနေကြတဲ့ အာရပ်ပြည်သူတဦးဖြစ်တဲ့ မစ္စတာ ဂီးရက် ကမ်ဆီရာက

'ဒါဟာ အနှစ် ၅၀ကြာ မတရားဖိနှိပ်ခံရတဲ့ ပါလက်စတိုင်းတွေအတွက် မျှတတဲ့ ဆုံးဖြတ်ချက်ပါ။ အစ္စရေးတွေ အတွက်တော့ အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားတယ်' လို့ ပြောဆိုခဲ့ပါတယ်။

အခုလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်မှုအပြီးမှာ ဒါကို ထောက်ခံခဲ့တဲ့ နယူးဇီလန်နဲ့ ဆီနီဂေါမှာထားတဲ့ သူတို့ရဲ့ သံအမတ်တွေကို အစ္စရေးက ပြန်လည် ခေါ်ယူလိုက်ပြီး ဆီနီဂေါကို ပေးနေတဲ့ အကူအညီတွေကိုလည်း ဖြတ်တောက်လိုက်ပါတယ်။

ဒီကိစ္စအတွက် ကုလသမဂ္ဂအတွင်း မဲခွဲမှုမှာ အစ္စရေးဘက်က အမြဲရပ်တည်ခဲ့တဲ့ အမေရိကန်က ဗီတိုမဲနဲ့ မပယ်ချတဲ့အပြင် မဲမပေးပဲ နေခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စအတွက် အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်ကို သစ္စာဖောက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်အိမ်ဖြူတော်က တုန့်ပြန်ရာမှာတော့ အစ္စရေး-ပါလက်စတိုင်းပြဿနာအတွက် အဓိပ္ပာယ်ရှိတဲ့ ငြိမ်းချမ်းရေး အဖြေမထွက်သေးတဲ့အတွက် လုပ်ရတာလို့ အကြောင်းပြခဲ့ပါတယ်။

ဝေဖန်သူတွေကတော့ နောက်တက်လာမယ့် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးကို အတိအလင်းထောက်ခံသူဖြစ်တဲ့အတွက် လက်ရှိသမ္မတ အိုဘားမားက နောက်ဆုံးအကြိမ် အဖြစ် နာမည်ကောင်းယူသွားတာလို့ ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ