ကုလ နဲ့ ဆက်ဆံရေး ကို ပြန်သုံးသပ်မယ်လို့ အစ္စရေး ဝန်ချုပ် ပြောကြား

  • 25 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး ဝန်ကြီးချုပ် နဲ့ သမ္မတ အိုဘားမား တို့ကြားမှာလည်း မတူတဲ့ အမြင်တွေ ရှိခဲ့ကြ

ဒီဇင်ဘာလ ၂၃ ရက်နေ့ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အစ္စရေး နိုင်ငံ က ၁၉၆၇ ခု နှစ် စစ်ပွဲ အပြီး မှာ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုစလင် က သိမ်းပိုက်နယ်မြေ တွေ ဘက် အိမ်ယာ စီမံကိန်း တွေ တိုးချဲ့ ဆောက်မှု ရပ်တန့် ဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ ၁၄ မဲ အသာရပြီး ကြားနေမဲ တမဲ နဲ့ အဆိုဘက် အနိုင်ရခဲ့ ပါတယ်။

ကြားနေမဲ က အမေရိကန် ကပါ။ အမေရိကန် ဟာ တောက်လျှောက် အစ္စရေး ဘက် က အလားတူ အဆိုပြုမှု တက်လာတိုင်း ဗီတိုအာဏာ နဲ့ ပယ်ချလေ့ ရှိခဲ့တာပါ။

ဒီ ဆုံးဖြတ်ချက်အဆို မူကြမ်း ကို အီဂျစ် က တင်သွင်းတာပါ။ ပထမ ကတော့ အစ္စရေး က အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ကို ကြားဝင်ပေးဖို့ ပြောပါသေးတယ်။ ဒါပေမဲ့ မလေးရှား၊ နယူးဇီလန် နဲ့ ဆီနီဂေါ၊ ဗင်နီဇွဲလား တို့ က ဒီအဆို ကို ပြန်တင်တဲ့ အတွက် လုံခြုံရေး အဖွဲ့ဝင် ၁၅ နိုင်ငံ ထဲ က ၁၄ မဲ ရသွားတာပါ။

ဒီ အတွက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု က ကုလသမဂ္ဂ ကို မကျေမနပ် ဖြစ်ပြီး အစ္စရေး နဲ့ ကုလ ဆက်သွယ်မှု တွေ ကို ပြန်လည် သုံးသပ်ဖို့ နိုင်ငံခြားရေး ဌာန ကို တလ အချိန်ပေးလိုက်ပါတယ်။

ဒေါ်နယ်ထရမ့် တက်လာရင် အခြေအနေ တမျိုးပြောင်းလာမယ် လို့ မျှော်လင့်ရင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက် ဟာ ဟိုးအရင် က အတိုင်းပဲ အစ္စရေး အပေါ်မှာ တဖက်သတ်ဘက်လိုက် ဆုံးဖြတ်လိုက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ကလည်း သူ့ လက်ထက်ရောက်တာနဲ့ အမေရိကန် ရဲ့ ရပ်တည်ချက် တွေ ပြောင်းဖို့ရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ ရက် ကပဲ ပြောလိုက်တဲ့ အတွက် အများ မျှော်လင့်တာထက် ဖြစ်ရပ်တွေ ဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ပါတယ် လို့ အားတက်တဲ့ လေသံ နဲ့ အစ္စရေး ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ပါလက်စတိုင်း ဘက် ကတော့ ကုလဆုံးဖြတ်ချက် ကို ကြိုဆို ခဲ့ပြီး အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် ကိုလည်း ပါလက်စတိုင်း အမျိုးသား အဖွဲ့က သတိပေးစကား ပြောလိုက်ပါတယ်။

လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် တန်ဖိုး ကို နိုင်ငံ တကာ က ပါလက်စတိုင်း လူမျိုးတွေရဲ့ ရပိုင်ခွင့် အတွက် တခဲနက် ထောက်ခံလိုက်ပါပြီ၊ ဒါကို မစ္စတာထရမ့် က အပြည်ပြည် ဆိုင်ရာ ဥပဒေ ကို ဖောက်ဖျက်ရင် ပြဿနာ ဖန်တီးတာနဲ့ အတူတူ ပဲလို့ ပါလက်စတိုင်း အမျိုးသား အဖွဲ့ က ဒေါက်တာ မွတ်စတာဖာ ဘဂူးတီ က ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ