နိုင်ငံရေး အကျဉ်းသား ၂၀၀ နီးပါးရှိလို့ AAPP ထုတ်ပြန်

  • 25 ဒီဇင်ဘာ 2016
Image caption နိုင်ငံရေး အကျဉ်းသားလို့ ဆိုရမယ့် လူ၂၀၀ နီးပါးရှိနေ

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ လူဦးရေ အဆမတန်များနေပြီး နိုင်ငံရေး အကျဉ်းသားလို့ ဆိုရမယ့် လူ၂၀၀ နီးပါးရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPP က ထုတ်ပြန်ပါတယ်။

ပြစ်ဒဏ်ကျခံရဖို့ အမိန့်ချခံထားရပြီးသား ၈၇ ယောက်ရှိပြီး အမှုရင်ဆိုင် နေရဆဲ နိုင်ငံရေး အကျဉ်းသား ဦးရေ ၁၁၀ လောက် ရှိတယ်လို့ AAPP အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

အရင် အစိုးရ လက်ထက်မှာ ကျန်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ် ရမယ့် ဦးရေ က အနည်းငယ်သာ ရှိပြီး အတော်များများ ကတော့ အစိုးရသစ် လက်ထက်မှာ ဖမ်းဆီး ခံထားရသူတွေ ဖြစ်တယ်လို့ AAPP ကပြောပါတယ်။

အဖမ်းခံထားရသူတွေ ထဲမှာ မတရားအသင်း နဲ့ ဆက်သွယ်လို့ ဆိုကာ ဖမ်းဆီး ထားသူတွေ၊ လယ်ယာမြေနဲ့ ပတ်သက်လို့ အမှုရင်ဆိုင်နေရသူတွေနဲ့ ၆၆(ဃ) နဲ့ ဆက်စပ်ပြီး ဖမ်းဆီး ခံထားရသူတွေ ပါဝင်နေတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အဓိပ္ပါယ် ကို သေချာ ဖွင့်ဆို ထားတာ မရှိတာကိုလည်း တွေ့ရတယ်လို့ AAPP အတွင်းရေးမှူး က ဘီဘီစီကို ပြောပါတယ်။

မန္တလေး မြို့မှာ KIA နဲ့ ဆက်သွယ်လို့ ဆိုကာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ် ခံရသူတွေ အနေနဲ့ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ဖို့ရာမှာ မသေချာဘူးလို့လည်း သူက ပြောပါတယ်။

ဒီမိုကရေစီ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိသင့်ဘူးလို့ ဆိုပေမယ့် အစိုးရ ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဒီကိစ္စ ကို ပီပီပြင်ပြင် ကိုင်တွယ် နိုင်တဲ့ အနေအထား မှာ မရှိဘူးလို့ AAPP အတွင်းရေးမှူး က ပြောပါတယ်။

အကျဉ်းထောင်တွေမှာ လူဦးရေ အဆမတန် များပြား နေပြီး ကျန်းမာရေး စောင့်ရှောက် မှုတွေလည်း အပြည့်အဝ မရတဲ့ အပေါ်မှာ အစိုးရ အနေနဲ့ လက်တလော ကိုင်တွယ် ဖြေရှင်း ရမယ့် ပြဿနာ ဖြစ်တယ်လို့ AAPP ဘက် က ထောက်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ