အရီဇိုးနား စစ်သင်္ဘော အထိမ်းအမှတ် နေရာမှာ ဝန်ကြီးချုပ် အာဘေး ပန်းခွေချ

  • 27 ဒီဇင်ဘာ 2016
Image caption ဂျပန်နဲ့ အမေရိကန် ခေါင်းဆောင် နှစ်ဦး အလေးအမြတ် ပြု

ပုလဲဆိပ်ကမ်း ဗုံးကြဲ တိုက်ခိုက် ခံခဲ့ရမှု အတွင်း နစ်မြုပ် ခဲ့ရတဲ့ အမေရိကန် စစ်သင်္ဘော ယူအက်စ်အက်စ် အရီဇိုးနား အတွက် ထားရှိ ထားတဲ့ အထိမ်းအမှတ် နေရာကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး နဲ့ သမ္မတ အိုဘားမား တို့ လွမ်းသူပန်းခွေ တွေ သွားရောက် ချထား ခဲ့ကြပါတယ်။

ပုလဲဆိပ်ကမ်းကို ဂျပန်တို့ လေကြောင်းကနေ အလစ်အငိုက် လာရောက် တိုက်ခိုက် ခဲ့တဲ့ လွန်ခဲ့တဲ့ ၇၅ နှစ်က ဖြစ်ရပ်အတွင်း သေဆုံး ခဲ့ကြရတဲ့ အမေရိကန် သင်္ဘောသားနဲ့ ရေတပ်သားတွေ စုစုပေါင်း နှစ်ထောင်ကျော် အတွက် ရည်စူး ပြီးတော့လည်း ဂျပန်နဲ့ အမေရိကန် ခေါင်းဆောင် နှစ်ဦး အလေးအမြတ် ပြုခဲ့ ကြပါတယ်။

အခမ်းအနားမှာ မစ္စတာ အာဘေး ပုလဲဆိပ်ကမ်း တိုက်ခိုက် ခံခဲ့ရမှု အတွင်း သေဆုံး ခဲ့သူ အားလုံး အတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပြီး ဒီ စကားဟာ ဖြူးဖြောင့်ပြီး တစ်သက်စာ တည်မှာပါ လို့ ပြောဆို ခဲ့ပါတယ်။

ဒါပေမယ့် ပုလဲ ဆိပ်ကမ်း ဖြစ်ရပ်နဲ့ ပတ်သက်လို့ တရားဝင် တောင်းပန်တာမျိုး ကိုတော့ မပြုလုပ် ခဲ့ပါဘူး။

ပုလဲဆိပ်ကမ်း တိုက်ခိုက် ခံရလို့ပဲ ဒုတိယ ကမ္ဘာ စစ်ထဲ အမေရိကန် ဝင်ရောက် ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ပုလဲဆိပ်ကမ်း တိုက်ခိုက် ခံခဲ့ရမှု အတွက် အောက်မေ့ဖွယ် ထားရှိတဲ့ အထိမ်းအမှတ် နေရာကို ပထမဆုံး လာရောက်တဲ့ ဂျပန် ခေါင်းဆောင် အနေနဲ့ မစ္စတာ အာဘေး ရောက်ရှိ လာတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားလည်း အမေရိကန်က အနုမြူဗုံး ကြဲချ ခဲ့တဲ့ ဂျပန်မြို့ ဟီရိုရှီးမားကို လွန်ခဲ့တဲ့ ၇ လ က သွားရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ