ဆီးရီးယားမှာ အပစ်ရပ်ဖို့ သဘောတူ

  • 29 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် STR
Image caption အဓိက သူပုန်အဖွဲ့တွေ အပစ်ရပ်ဖို့ သဘောတူတဲ့ အထဲပါလာ။

ဆီးရီးယား အစိုးရနဲ့ သူပုန်အဖွဲ့တို့ အပစ်ရပ် သဘောတူညီချက် ရခဲ့ကြပြီလို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အပစ်ရပ်ရေးဟာ ဒီဇင်ဘာလ ၂၉ ရက် ကြာသပတေးည ၁၀ ဒေသအချိန် သန်းခေါင်ယံကနေ စတင် အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး မက်ဗလွတ် ချာဗူရှော်လူကတော့ အပစ်အခတ် ရပ်စဲရေးကို ဆီးရီးယား အစိုးရနဲ့ သူပုန်အဖွဲ့တွေ သဘောတူခဲ့ကြတာသာဖြစ်ပြီး အပစ်ရပ်ရေး တည်မြဲဖို့အတွက် တူရကီနဲ့ ရုရှား အစိုးရတို့က အာမခံချက် ပေးမယ်လို့ စောစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

အခုအပစ်ရပ်ရေးဟာ သူတို့ နှစ်နိုင်ငံက ဦးဆောင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့ တူရကီနှစ်နိုင်ငံဟာ အခုဆွေးနွေးကြတဲ့ ဘက်နှစ်ဘက်မှာ တဖက်စီကနေ ရပ်တည် ထောက်ခံနေကြသူတွေ ဖြစ်ကြပါတယ်။

ရုရှားက ဆီးရီးယား အစိုးရကို ထောက်ခံနေပြီး တူရကီက ဆီးရီးယား သူပုန်တွေကို ထောက်ခံနေသူ ဖြစ်ပါတယ်။

ဆီးရီးယား အစိုးရနဲ့ ဆီးရီးယား သူပုန်တွေရဲ့ လက်နက်ကိုင် စစ်ပွဲဟာ ၅ နှစ် ကျော်ကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါတယ်။

သဘောတူလက်မှတ်ထိုးရာမှာ စာချုပ် ၃ ခုကို လက်မှတ်ထိုးခဲ့တယ်လို့ မစ္စတာ ပူတင်က ပြောပါတယ်။ အဲဒီစာချုပ် သုံးခုကတော့ အပစ်ရပ်စာချုပ်ရယ်၊ အပစ်ရပ်ရေးကို စောင့်ကြည့်ရေး စာချုပ်ရယ်၊ ငြိမ်းချမ်းရေးစကားဝိုင်း စတင်ရေး သဘောတူစာချုပ်ရယ် ဖြစ်ကြပါတယ်။

အခုအပစ်အခတ်ရပ်စဲရေးဟာ ထိလွယ်ရှလွယ် သဘောရှိနေသေးပေမယ့် အခုလို ရလဒ်မျိုး ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့တာကို ဘာပဲဖြစ်ဖြစ်ချီးကျူးပါတယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

ဆီးရီးယားမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေကို လျှော့ချသွားမယ်လို့ သူက ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးရဲ့ အဆိုပြုချက်ဖြစ်တဲ့ ဆီးရီးယားက တပ်ဖွဲ့တွေ လျှော့ချ သွားရေးကို သဘောတူပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အကြမ်းဖက် သမားတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ပြီး ဆီးရီးယား အစိုးရရဲ့ တရားဝင်မှု ကိုလည်း ဆက်လက် ထောက်ခံသွားမှာ ဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

ဒါပေမယ့် ရုရှားတပ်အရေ အတွက် ဘယ်လောက်၊ လက်နက်အင်အားဘယ်လောက် လျှော့ချသွားမယ် ဆိုတာကိုတော့ ပြောမသွားပါဘူး။

အခု အပစ်အခတ် ရပ်စဲရေးဟာ ဆီးရီးယား သူပုန်အင်အား ခြောက်သောင်း နှစ်ထောင် အားလုံး အကြုံးဝင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အိုင်အက်စ် အစ္စလာမ် နိုင်ငံအဖွဲ့နဲ့ နူဇရာတပ်ဦးလို့ ခေါ်တဲ့ အယ်လ်ခိုင်းယီးဒါးနဲ့ အဆက်အသွယ် ရှိတဲ့ အဖွဲ့တို့တော့ မပါဝင်ပါဘူး။

နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲကိုတော့ ကာဇက်စတန်နိုင်ငံမြို့တော် အတ်စ်တာနာ မှာ ပြုလုပ်မှာ ဖြစ်ပြီး ဆီးရီးယား အစိုးရ ၊ ဆီးရီးယား သူပုန်၊ ရုရှား၊ တူရကီ၊ အီရန် တို့ အပြင်မှာ အီဂျစ်လည်း ပါကောင်းပါမယ်လို့ ဆိုပါတယ်။

နောက်တဆင့်မှာတော့ ဆော်ဒီအာရေးဗျ၊ အီရတ်၊ ဂျော်ဒန်တို့ကိုလည်း ဖိတ်ခေါ်မှာ ဖြစ်ပြီး အမေရိကန်ကိုတော့ ဒေါ်နယ် ထရမ့် သမ္မတ ဖြစ်ပြီးမှ ဖိတ်ခေါ်မယ်လို့ ဆိုပါတယ်။

ဒီလစောစောပိုင်းတုန်းကလည်း အလက်ပိုမြို့မှာ ယာယီအပစ်ရပ်စဲရေး လုပ်ခဲ့ပြီး အစိုးရစစ်တပ် ဝိုင်းထားတဲ့ နယ်မြေထဲက အရပ်သားတွေကို ကယ်ထုတ်နိုင်ခဲ့ ပါတယ်။

ဒီ့အရင် ကုလသမဂ္ဂ၊ အမေရိကန်တို့ နဲ့ ရုရှားတို့ ဦးဆောင်ပြုလုပ်ခဲ့ကြတဲ့ အပစ်ရပ်ရေးဟာတော့ သက်တမ်းမရှည်ပဲ ပျက်စီးခဲ့ပါတယ်။

ဆီးရီးယားမှာ ၅ နှစ်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲ အတွင်း လူပေါင်း ၁၁ သန်း အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီအရေအတွက်ဟာ စစ်မဖြစ်ခင်က ရှိတဲ့ ဆီးရီးယားရဲ့ စုစုပေါင်း လူဦးရေရဲ့ တဝက်လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ