ရုရှသံတမန်တွေကို အမေရိကန် နှင်ထုတ်

  • 30 ဒီဇင်ဘာ 2016
Image caption အမေရိကန်နဲ့ရုရှကြား ဆိုင်ဘာအရေး သဘောထား တင်းမာနေ

ရုရှ သံတမန် ၃၅ ယောက် ကို ၇၂ နာရီအတွင်း နိုင်ငံ ကနေ ထွက်ခွာ ဖို့ သမ္မတ အိုဘားမား က ညွှန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။

နယူးယောက် နဲ့ မေရီလန်း က ရုရှ ထောက်လှမ်းရေး ဌာနဝင်းတွေ လည်း ပိတ်ရတော့မှာပါ။

ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှ ဘက်က ဆိုက်ဘာ အင်တာနက်ကနေ သတင်းအချက်အလက်တွေ ဖောက်ထွင်းခိုးယူတာတွေ ရှိခဲ့တယ် ဆိုတဲ့စွပ်စွဲချက်တွေ အပြင် ရုရှရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ကို အရေးယူ တဲ့ အနေနဲ့ အခုလို သမ္မတအိုဘားမားက ညွှန်ကြားလိုက်တာပါ။

သမ္မတ အိုဘားမား က အမေရိကန် ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ့် အားထုတ်မှုအတွက် လိုအပ်ပြီး သင့်တော်တဲ့လုပ်ရပ်ကို လုပ်လိုက်တာပဲလို့ သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ပြီးအမေရိကန် နိုင်ငံသားတွေ အနေနဲ့ ရုရှ တို့ရဲ့ လုပ်ရပ်တွေ ကို သတိထားဖို့လိုပြီလို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

သမ္မတအိုဘားမား က ရုရှ က ဆိုင်ဘာ တိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ နည်းပညာဆိုင်ရာ သတင်းအချက်အလက် တွေကိုလည်း ပြည်သူအများသိအောင် ဖွင့်ချ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒီအပြောအဆိုတွေ ဟာ နိုင်ငံခေါင်းဆောင် တွေ အကြား ဖြစ်နေတဲ့ စကားစစ်ပွဲ ပဲလား၊ တကယ့်ကို ပြင်းပြင်းထန်ထန် သဘောထားတွေ ကို ထင်ဟတ်တာ လား ဆိုတဲ့ သုံးသပ် ကြည့်ကြရမှာတော့မြောက်အမေရိကဆိုင်ရာ ဘီဘီစီ အယ်ဒီတာ ဂျွန်ဆိုပယ်လ် ကသူ့အနေနဲ့တော့ အိုဘားမား အစိုးရ က ရုရှအပေါ် သဘောထားပြင်းပြင်းထန်ထန် ပြလိုက်တာလို့မြင်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ် ပါတီ ရဲ့ သတင်းအချက်အလက် တွေ ကို ခိုးဖောက်ယူတဲ့အပေါ်မှာ အခုအစိုးရ ရဲ့ ထွက်ရတဲ့ အမျက်တွေ ကိုလည်း ဖော်ပြလိုက်သလို ၊ အမေရိကန်ထောက်လှမ်းရေးဌာနတွေ က တင်ပြနေတဲ့ ဒီ ဆိုက်ဘာ ဖောက်ထွင်းမှုတွေ ဟာ သမ္မတ ပူတင်ဦးဆောင်နေတဲ့ ရုရှအစိုးရ က လုပ်နေတာ ဆိုတဲ့အချက်ကိုလည်း သမ္မတအိုဘားမား က လက်ခံ အတည်ပြုလိုက်တဲ့သဘောဖြစ်ကြောင်း ပြောပါတယ်။

ဒီအရေးနဲ့ပတ်သက်ပြီး ရုရှအစိုးရဘက် ကတော့ ဘာမှ အခြေအမြစ်မရှိပဲ စွပ်စွဲနေတာ သာဖြစ်ကြောင်းပြောဆိုနေသလို ယူကေနိုင်ငံ က ရုရှ သံရုံးက သမ္မတ အိုဘားမား ဟာ Lame Duck ဘာမှ အောင်မြင်အောင် မလုပ်နိုင်တဲ့သူ လို့ သရော်နေပါတယ်။

အခု အမေရိကန်က စွပ်စွဲမှုတွေ အရ ရုရှတို့ရဲ့ ဆိုင်ဘာ တိုက်ခိုက်မှုဟာ ဒီမိုကရက်တစ်ပါတီ အပြင်၊ အစိုးရဌာနတွေ၊ ကော်ပိုရေးရှင်းတွေ၊ Think Tank လို့ခေါ်တဲ့ တတ်သိပညာရှင်အဖွဲ့တွေ ၊ တက္ကသိုလ်တွေ က အချက်အလက်တွေ ကို လည်း ထွင်းဖောက်ခိုးယူနေတာ ဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုတွေ ဟာ ၁၀ စုနှစ်နဲ့ချီ နေပြီလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ