သံတမန်တွေ နှင်ထုတ် ခံရတဲ့ ရုရှား လက်တုံ့ ပြန်မယ်လို့ ပြော

  • 30 ဒီဇင်ဘာ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှား သံတမန် ၃၅ ယောက်ကို နှင်ထုတ်

အမေရိကန် သမ္မတ အိုဘားမားက ရုရှား သံတမန် ၃၅ ယောက်ကို နှင်ထုတ် လိုက်တဲ့ အပြုအမူဟာ "ကြွေပန်းကန် ဆိုင်ထဲ ဆင်တစ်ကောင် ဝင်သလို" ရမ်းရမ်းကားကား နိုင်လှတယ် ဆိုပြီး ပြစ်တင် ပြောဆို လိုက်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ တုန်းက ဒီမိုကရက်တစ် ပါတီရဲ့ ကွန်ပြူတာ တွေကို ရုရှားက ထွင်းဖောက် ခြင်း အားဖြင့် စွက်ဖက် ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ သမ္မတ အိုဘားမား က ရုရှား သံတမန်တွေကို နှင်ထုတ် ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ စွပ်စွဲမှုကို ရုရှားက ငြင်းပယ်ပြီး သူတို့ သံတမန်တွေကို နှင်ထုတ် လိုက်တဲ့ အမေရိကန်ရဲ့ အပြုအမူ အပေါ် လက်တုံ့ပြန်မယ် လို့လည်း ဆိုပါတယ်။

သမ္မတ အိုးဘားမားရဲ့ အပြုအမူ တွေဟာ ရုရှားဆန့်ကျင်ရေး နောက်ဆုံး အဆင့် ဖြစ်တယ်လို့ ရုရှား ဝန်ကြီးချုပ် ဒီမက်ထရီ မက်ဒ်ဗြဲဒက်ဖ် က ပြောဆို ပါတယ်။

အခုလို အမေရိကန်-ရုရှား ဆက်ဆံရေး ထပ်မံ ပျက်ယွင်း သွားပြန်တဲ့ အတွက် မေးခွန်းသစ် တွေ ထွက်ပေါ် လာနေပေမယ့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို တိုးတက်အောင် လုပ်ဆောင် လိုတယ်လို့ ပြောဆို ထားတဲ့ ဒေါ်နယ်ထရမ့် ကတော့ နောက်သီတင်း သုံးပတ်ကြာရင် အမေရိကန် သမ္မတသစ် ဖြစ်လာ တော့မယ်လို့ မော်စကိုမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ