အစ္စရေး ဝန်ကြီးချုပ်ကို လာဘ်စားမှုနဲ့ စစ်ဆေး

  • 2 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် GALI TIBBON
Image caption အမှားအယွင်း လုပ်တာ မရှိဘူးလို့ ငြင်းဆို

အစ္စရေး နိုင်ငံမှာ ဝန်ကြီးချုပ် နေတန်ညာဟု ကို လာဘ်စားမှု စွပ်စွဲချက်တွေနဲ့ ဆက်စပ်ပြီး စစ်ဆေးဖို့ ရဲတွေ သူ့အိမ်ကို ရောက်လာကြပါတယ်။

ဒီလို ရောက်မလာခင်မှာပဲ မစ္စတာ နေတန်ညာဟုက သူ အမှားအယွင်း လုပ်တာ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဘာမှ မဟုတ်တဲ့ ကိစ္စမို့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ဒီအတွက် အောင်ပွဲခံတာတွေ မလုပ်ကြနဲ့လို့ သူက နိုင်ငံရေး ပြိုင်ဘက်တွေနဲ့ မီဒီယာတွေကို သတိပေးလိုက်ပါတယ်။

စီးပွားရေး သမားတွေကို မျက်နှာသာပေးခဲ့လို့ ဝန်ကြီးချုပ် နေတန်ညာဟု လာဘ်သပ်ပကာတွေ တော်တော်ရထားတယ်လို့ အစ္စရေး သတင်းဌာနတွေက ရေးသားပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး ဝန်ကြီးချုပ်ကို ဂျေရုဆလမ်က သူ့နေအိမ်မှာ စုံစမ်းရေး အရာရှိ ၃ ယောက်က လာမေးတယ်လို့ သိရပါတယ်။

အတိုက်အခံ ဇီယွန် ဝါဒီ သမဂ္ဂ ခေါင်းဆောင် အိုက်ဇက် ဟာဇော့ကတော့ ဒီကိစ္စ အတွက် ပျော်စရာ မဟုတ်ဘူး၊ နိုင်ငံအတွက် မကောင်းဘူးလို့ ပြောကြားခဲ့ကြောင်း အစ္စရေး သတင်းဌာန တခုက ရေးသားပါတယ်။

မကြာခင် လပိုင်းက ဆက်တိုက် ထွက်လာတဲ့ ခြစားမှု အရှုပ်တော်ပုံ တွေနဲ့ ပတ်သက်ပြီး နေတန်ညာဟုကို စစ်ဆေးဖို့ အတိုက်အခံတွေက တောင်းဆိုနေကြတာပါ။

အရင်လကပဲ ဂျာမနီက ရေငုပ်သင်္ဘောအသစ် တွေ ဝယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရောင်းအဝယ် စျေးညှိရာမှာ ဝန်ကြီးချုပ်ရဲ့ ရှေ့နေက ကုမ္ပဏီဘက်က ပါနေတယ် ဆိုလို့ စုံစမ်းမှုတွေ စခဲ့ပါတယ်။

ပြင်သစ်မှာ ငွေကြေး မသမာမှုတွေနဲ့ အရေးယူခံခဲ့ရတဲ့ လုပ်ငန်းရှင် တယောက်ကလည်း နေတန်ညာဟု ရဲ့ ၂ဝဝ၉ ရွေးကောက်ပွဲ ရန်ပုံငွေ အတွက် ယူရို သိန်းနဲ့ချီ လှူခဲ့တယ်လို့ ဆိုပါတယ်။

ဒါကိုလည်း နေတန်ညာဟုက ပယ်ချပါတယ်။

အရင်ကလည်း ဗြိတိန်ကို လာတဲ့ ခရီးတခုမှာ ဝန်ကြီးချုပ် စီးမယ့် လေယာဉ်ပေါ်မှာ အစိုးရငွေထဲက ဒေါ်လာ တသိန်းကျော် အကုန်ခံပြီး အိပ်ခန်းတပ်လို့ ဆိုပြီးလည်း စွပ်စွဲခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း သူဝန်ကြီးချုပ် စလုပ်ကတည်းက ဒီလို စွပ်စွဲခံခဲ့ရတာပါ။

၂ဝဝဝ ပြည့်နှစ်တုန်းကလည်း နေတန်ညာဟုတို့ ဇနီးမောင်နှံ အစိုးရ ရာထူး တာဝန်နဲ့ ရထားတဲ့ လက်ဆောင်တွေကို နိုင်ငံကို လွှဲမပေးဘဲ ထားသလား ၈ လကြာ စုံစမ်းပြီးတော့ ရာဇဝတ်မှုနဲ့ စွဲဆိုဖို့ အစ္စရေး ရဲက မှတ်ချက်ပေးခဲ့ဖူးပါတယ်။

နောက်ပြီး သူတို့အတွက် ပုဂ္ဂလိက ကိစ္စ ဆောင်ရွက်ပေးရတဲ့ ကန်ထရိုက်သမား တယောက်ကို ပေးဖို့ အစိုးရ ငွေထဲက တောင်းတယ် ဆိုပြီး အဲဒီချိန်တုန်းက စွပ်စွဲ ခံခဲ့ရပါတယ်။

ဒီစွပ်စွဲချက်တွေ အားလုံး သက်သေ အခိုင်အလုံ မရှိလို့ ဆိုပြီး ပယ်ချခဲ့ပါတယ်။