နိုင်ငံရေး ကျင့်ဝတ်ပိုင်း ဆိုင်ရာ စောင့်ကြည့် အဖွဲ့ကို မဖျက် တော့ဘူးလို့ ဆို

  • 3 ဇန်နဝါရီ 2017
Image caption ကော်မတီ ဖျက်ရေး စတင်ခဲ့တဲ့ ကွန်ဂရက်စ် အမတ် Bob Goodlatte

အမေရိကန် ပြည်ထောင်စု အတွင်း နိုင်ငံရေး လုပ်ဆောင်ချက် တွေမှာ ကျင့်ဝတ်နဲ့ ညီရဲ့လား ဆိုတာကို စောင့်ကြည့်တဲ့ လွတ်လပ်တဲ့ အဖွဲ့ အစည်းကို ဖျက်သိမ်းဖို့ ရီပတ်ဘလစ်ကင် တွေက စီစဉ် လုပ်ဆောင် လာခဲ့ပေမယ့်၊ ပြင်းပြင်းထန်ထန် ဝေဖန်သံတွေ ထွက်ပေါ် လာခဲ့ ပြီးတဲ့ နောက်၊ အခုဆိုရင် ရီပတ်ဘလစ်ကင်တွေ ဘက်က ပြန်လည် နောက်ဆုတ် သွားပါတယ်။

အဲဒီ ကျင့်ဝတ်ရေးရာ စောင့်ကြည့်ရေး အဖွဲ့ကို ဖျက်သိမ်းဖို့ ရီပတ်ဘလစ်ကင် တွေရဲ့ ဆုံးဖြတ်ချက် အပေါ် နိုင်ငံရေး အတိုက်အခံ ဒီမိုကရက်တွေ တင်မက၊ ရီပတ်ဘလစ်ကင် ကို ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်ကပါ ဝေဖန်ခဲ့ပါတယ်။

ဒီအဖွဲ့ကို ဖျက်သိမ်းရေး ဆိုတာ ဘာမှ ဦးစားပေး ဆောင်ရွက်ဖို့ မလိုပဲ၊ အခွန်ကိစ္စနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေမှာ ရီပတ်ဘလစ်ကင် တွေ အနေနဲ့ ပိုပြီး အာရုံစိုက် အလေး ထားရမှာ ဖြစ်တယ်လို့ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှု ကွန်ရက် စာမျက်နှာပေါ် ရေးသား ခဲ့ပါတယ်။

ခုလို ဖြစ်ပျက် ခဲ့တာကို ကြည့်ရင် ရီပတ်ဘလစ်ကင် တွေ အတွက် အရှက် ရစရာ ဖြစ်ပြီး၊ ပါတီတွင်း ညီညွတ်မှု မရှိကြောင်း ပြသရာ ရောက်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီအချိန်မှာပဲ၊ သမ္မတ အိုဘားမား လက်ထက် ဆောင်ရွက် ခဲ့သမျှ အထင်ရှားဆုံး ထဲပါဝင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဥပဒေကို ပြန်လည် ရုပ်သိမ်းဖို့ နည်းလမ်းကို ညွှန်ကြားချက် တွေနဲ့ တကွ ဆီးနိတ် လွှတ်တော်ရဲ့ ဘတ်ဂျက်ဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ရီပတ်ဘလစ်ကင် ပါတီဝင် မိုက်ခ် အင်ဇီက ထုတ်ပြန်လာပါတယ်။

အိုဘားမား ဥပဒေကို ပယ်ဖျက်ဖို့ ဆိုတာ လပေါင်း များစွာ အချိန်ယူ လုပ်ဆောင် ရမှာ ဖြစ်သလို၊ အစားထိုး ထားရှိမယ့် ကျန်းမာရေး အာမခံ အစီအမံ တွေ ဖော်ဆောင်ဖို့ ဆိုတာလည်း နှစ်နဲ့ချီ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ