ဗြိတိန်ရဲ့ အီးယူ သံအမတ် အရေးကြီးချိန်မှာ နှုတ်ထွက်

  • 3 ဇန်နဝါရီ 2017
Image caption ဆာ အိုင်ဗင်ကို အီးယူ သံအမတ် အဖြစ် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွမ် လက်ထက်တုန်းက ခန့်အပ် ခဲ့

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ဆိုင်ရာ ယူကေ နိုင်ငံ သံအမတ် ဆာ အိုင်ဗင် ရော်ဂျာစ် ရာထူးက နှုတ်ထွက် သွားပါတယ်။

ဒါဟာ၊ အီးယူထဲက နေ ဗြိတိန် နှုတ်ထွက်တဲ့ Brexit လုပ်ငန်းစဉ် အတွက် ကျန် အီးယူ နိုင်ငံတွေနဲ့ကြား ပြုလုပ်မယ့် စကားဝိုင်းတွေမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်မယ့် သူလို့ ယူဆ ထားသူ တစ်ယောက် နှုတ်ထွက် သွားတာ ဖြစ်ပါတယ်။

ဆာ အိုင်ဗင်ကို အီးယူ သံအမတ် အဖြစ် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွမ် လက်ထက်တုန်းက ခန့်အပ် ခဲ့တာ ဖြစ်ပါတယ်။

အီးယူ နိုင်ငံတွေနဲ့ကြား လာမယ့် လ အနည်းငယ် ဆိုရင် Brexit အတွက် စကားဝိုင်း တွေ စတော့ မှာ ဖြစ်လို့၊ တကယ်တမ်း တာဝန်ယူ ဆွေးနွေးသူကို စောစီးစွာ တင်ကြို ခန့်အပ် ထားရှိနိုင်ဖို့ ဆာ အိုင်ဗင် အနေနဲ့ အချိန်မတိုင်ခင် စောစီးစွာ နှုတ်ထွက် သွားတာ ဖြစ်တယ် ဆိုပြီး ဗြိတိန် အစိုးရက ဆိုပါတယ်။

Brexit နောက်ပိုင်း ယူကေနဲ့အီးယူနဲ့ကြား ထားရှိမယ့် ကုန်သွယ်ရေး ဆိုင်ရာ သဘောတူမှုတွေ ရဖို့ ၁ဝ နှစ်လောက် ဆွေးနွေး ယူရ နိုင်တယ် ဆိုပြီး ဆာ အိုင်ဗင်က ဗြိတိန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို တိုးတိုးတိတ်တိတ် ပြောခဲ့တဲ့ အကြောင်း ဘီဘီစီ အနေနဲ့ ပြီးခဲ့တဲ့ လထဲကပဲ ဖော်ထုတ် ထားနိုင်ပါတယ်။

အခုလို ဆာ အိုင်ဗင် နှုတ်ထွက်သွား တာဟာ အင်မတန် စိုးရိမ်စရာ ကောင်းပြီး လက်ရှိ ဝန်ကြီးချုပ် ထရီဇာ မေ အစိုးရ အနေနဲ့ အင်မတန် ရှုပ်ထွေးမယ့် Brexit လုပ်ငန်းစဉ် အတွက် အခက်အခဲတွေ မလွဲမသွေ ကြုံလာရ နိုင်မယ် ဆိုတာကို လက်ခံ ပြင်ဆင် ထားရမယ်လို့ အတိုက်အခံ လေဘာ ပါတီက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ