ဒုသမ္မတ ဘိုင်ဒင်က ထရမ့်ကို ဝေဖန်

  • 6 ဇန်နဝါရီ 2017
Image caption ထရမ့်ကို လက်ရှိ ဒုသမ္မတ ဝေဖန်

ရုရှားက ဆိုင်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး တွေရဲ့ စကားကို မယုံကြည်တဲ့ ထရမ့်ကို လက်ရှိ ဒုသမ္မတ ဝေဖန်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတသစ် ဖြစ်လာမယ့် ဒေါ်နယ်ထရမ့် က အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေရဲ့ လုပ်ဆောင်ချက် တွေ အပေါ် သေးသိမ်အောင် မှတ်ချက် ပေးခဲ့မှု အတွက် လက်ရှိ ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က အပြင်းအထန် ဝေဖန် လိုက်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ တုန်းက ရုရှားက စွက်ဖက်မှုတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ အပေါ် မစ္စတာ ထရမ့်က သံသယ ရှိကြောင်း မှတ်ချက် ပေးခဲ့တဲ့ လုပ်ရပ် အတွက် မစ္စတာ ဘိုင်ဒင်က မစ္စတာ ထရမ့်ကို ရင့်ကျက်ပါတော့ ဆိုပြီး ပြောဆို ခဲ့သလို၊

ထရမ့်ဟာ နောက်ဆက်တွဲ အကျိုးဆက်တွေ ဘာဖြစ်လာမလဲ ဆိုတာ လုံးဝ မစဉ်းစား မဆင်ခြင်သူပဲ လို့လည်း မစ္စတာ ဘိုင်ဒင်က ဆိုပါတယ်။

ရုရှားက အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလ ကွန်ပြူတာ ထွင်းဖောက် တိုက်ခိုက် တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ တွေ့ရှိချက် တွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး အရာရှိတွေက မစ္စတာ ထရမ့်ကို ရှင်းပြဖို့ နာရီ အနည်းငယ် အလိုမှာပဲ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ ဒီ သတင်းတွေ အပေါ် မယုံကြည်တဲ့ သဘော ရေးသား ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဆီကိုတော့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေက သူတို့ တွေ့ရှိချက် တွေကို အစီရင် ခံစာ တင်သွင်း ခဲ့ပြီး ဖြစ်တာမှာ အဲဒီ အစီရင်ခံစာ ထဲ ဒေါ်နယ် ထရမ့် သမ္မတ ရွေးကောက်ပွဲ နိုင်တုန်းက ရုရှား အစိုးရ အဖွဲ့ထဲက ထိပ်တန်း ပုဂ္ဂိုလ် တချို့ အောင်ပွဲ ခံခဲ့ ကြတယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး ဂျိမ်းစ် ကလက်ပါ က အမေရိကန် အနေနဲ့ ရုရှားရဲ့ ဆိုင်ဘာ တိုက်ခိုက်တဲ့ အန္တရာယ်ကို မကြုံစဖူး အတိုင်းအတာထိ ခံနေရပြီ ဖြစ်တယ်လို့ အစောပိုင်း တုန်းက ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ