ဂျပန်-တောင်ကိုရီးယားကြား သံတမန် ဆက်ဆံရေး ဆိုးရွား

  • 6 ဇန်နဝါရီ 2017
Image caption ဘူဆန် ဂျပန် ကောင်စစ်ဝန် ရုံး နားက ကြေးရုပ်ထု

ဂျပန် နိုင်ငံက သူတို့ရဲ့ တောင်ကိုရီးယား ဆိုင်ရာ သံအမတ်ကို ပြန်လည် ခေါ်ယူ လိုက်ပါတယ်။

ဒုတိယ ကမ္ဘာ စစ်တုန်းက ကိုရီးယား အမျိုးသမီးတွေကို ဆောင်ကြာမြိုင် တွေမှာ လိင်ကျွန်တွေ သဖွယ် ဂျပန် စစ်တပ် က အဓမ္မ ခိုင်းစေ ခဲ့တဲ့ လုပ်ရပ်ကို ဖော်ညွှန်းတဲ့ ရုပ်ထု တစ်ခု တောင် ကိုရီးယားမှာ ထားရှိ လာတာနဲ့ ပတ်သက်ပြီး အခုလို နောက်ဆက်တွဲ ဖြစ်ပေါ် လာတာပါ။

တောင်ကိုရီးယား ဆိပ်ကမ်း မြို့ကြီး တစ်ခု ဖြစ်တဲ့ ဘူဆန်မှာ ဂျပန် ကောင်စစ်ဝန် ရုံး အနီး ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ကုလားထိုင်ပေါ် ခြေဗလာနဲ့ ထိုင်နေတဲ့ အမျိုးသမီး တစ်ဦးရဲ့ ကြေးရုပ်ထု ထားရှိ လာတာ ဖြစ်ပါတယ်။

ဒီလို ထားရှိ လာတာဟာ စစ်တွင်း ဆောင်ကြိုင်မြိုင် တွေ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောတူမှု ရရှိ ထားတဲ့ အပေါ် ချိုးဖောက်ရာ ရောက်တယ်လို့ ဂျပန် ဘက်က ပြောပါတယ်။

စစ်တွင်း ဆောင်ကြာမြိုင်တွေ နဲ့ ပတ်သက်ပြီး မကျေလည်မှု တွေကို ၂ နိုင်ငံကြား ၂ဝ၁၅ တုန်းက ဖြေရှင်း ခဲ့ပြီး၊ သဘောတူမှု ရခဲ့တယ် ဆိုပေမယ့် အခုလို ကြေးရုပ်ထု ထပ်မံ ထားရှိ လာတာကို ကြည့်ရင် တောင်ကိုရီးယား အနေနဲ့ ဒုတိယ ကမ္ဘာစစ် ကာလ ဂျပန်ရဲ့ အပြုအမူတွေ အပေါ် နာကြည်း မုန်းတီးမှုတွေ ပြင်းပြင်းထန်ထန် ဆက်လက် ရှိနေတာကို ပြသ နေပါတယ်။

စစ်တွင်း ဂျပန် စစ်တပ်ရဲ့ ဆောင်ကြာမြိုင် တွေမှာ ကိုရီးယား အမျိုးသမီး အနည်းဆုံး ၂ သိန်း လောက် အထိ လိင်ကျွန်တွေ သဖွယ် ခိုင်းစေ ခံခဲ့ရပြီး၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် တို့က အမျိုးသမီး တွေလည်း အလားတူ ခံစား ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ