ဆိုက်ဘာ ထွင်းဖောက်ဖို့ ပူတင် အမိန့်ပေးတာလို့ ကန် စွပ်စွဲ

  • 7 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption ဟီလာရီ ကလင်တန် ကို သိက္ခာချ ဖို့ အတွက် ဆိုက်ဘာ ဖောက်ထွင်း မှုတွေ လုပ်ဖို့ ရုရှ သမ္မတ က ညွှန်ကြား

အမေရိကန် ရွေးကောက်ပွဲ မှာ ဒေါ်နယ် ထရမ့် အနိုင်ရအောင် ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ဖို့ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင် ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေး ခဲ့ကြောင်း အမျိုးသား ထောက်လှမ်းရေး အဖွဲ့ တာဝန်ရှိသူ က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ဒီမိုကရက် ပါတီ ကို ပြည်သူတွေ က ယုံကြည်မှု ကျဆင်းလာအောင် လုပ်ဖို့၊ ဒေါ်နယ် ထရမ့် ရဲ့ ပြိုင် ဘက် ဟီလာရီ ကလင်တန် ကို သိက္ခာချ ဖို့ အတွက် ဆိုက်ဘာ ဖောက်ထွင်း မှုတွေ လုပ်ဖို့ ရုရှ သမ္မတ က ညွှန်ကြား ခဲ့တယ်လို့ အစီရင် ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

ဆိုက်ဘာ တိုက်ခိုက်မှုတွေ ဟာ ရုရှ နိုင်ငံ က ပြုလုပ်တာလို့ အမေရိကန် က အစဉ် တစိုက် စွပ်စွဲ ပြောကြားနေပေမယ့် အခုအခါမှာတော့ သမ္မတ ဗလာဒီမီယာ ပူတင် ကိုယ်တိုင် ပါဝင်နေကြောင်း ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ ဒေါ်နယ် ထရမ့် သမ္မတ ရာထူး တာဝန် စတင် ထမ်းဆောင်တဲ့ နေ့မှာ ရုရှ ရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို တုံ့ပြန်မယ်လို့ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် ခံရထားရတဲ့ မိုက် ပန့်စ် က ပြောပါတယ်။

အစောပိုင်း အချိန်တုန်း က ရွေးချယ်ခံ သမ္မတ ဒေါ်နယ် ထရမ့် ဟာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့က ခေါင်းဆောင် ပိုင်းတွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဆိုက်ဘာ တိုက်ခိုက် မှုတွေဟာ အမေရိကန် ရွေးကောက်ပွဲ အပေါ်မှာ အကျိုး သက်ရောက်မှု မရှိဘူးလို့ လည်း သူက ပြောကြား ထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ