အိုင်ဗရီကို့စ် နိုင်ငံမှာ တပ်တွင်း ပုန်ကန်မှု ဖြစ်ပွား

  • 8 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပုန်ကန်သူ စစ်သားတွေက သူတို့ပုန်ကန် ဆန္ဒပြကြောင်း အသိပေးကြေညာတဲ့ အနေနဲ့ လေထဲမှာ သေနတ်ပစ်ဖောက်

အိုင်ဗရီကို့စ် နိုင်ငံမှာ တပ်တွင်း ပုန်ကန်မှုတွေ ဒီဇင်ဘာ ၆ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ သောကြာနေ့က ဘဝေါ့ကေး မြို့မှာ ပုန်ကန်မှု စခဲ့ပြီးနောက် စီးပွားရေး မြို့တော် အဘစ်ဂျန်ကို မြန်မြန်ဆန်ဆန် ကူးစက်သွားခဲ့ပါတယ်။

အဲဒီအချိန်အထိ အစိုးရဘက်က မလှုပ်မယှက်တောင့်ခံခဲ့ပါတယ်။ ဒါပေမယ့် စနေမနက်ပိုင်းမှာတော့ အစိုးရရဲ့ သစ္စာအရှိဆုံးတပ်ဖွဲ့လို့ ဆိုကြတဲ့ အဘစ်ဂျန်ရဲ့ အရှေ့ဘက် အကူဒိုမြို့ စစ်အခြေစိုက်စခန်းဆီက သေနတ်သံတွေကြားရပါတယ်။

အဲဒီနောက် တခြားမြို့ကြီး ၆ မြို့ဆီကိုလည်း အလားတူ ပုန်ကန် ဆန္ဒပြမှုတွေ ကူးစက်သွားခဲ့ပါတယ်။ သေနတ်သံတွေကိုကြားကြရတာက အပြန်အလှန်ပစ်ခတ်လို့ ကြားကြရတာ မဟုတ်ပါဘူး။ ပုန်ကန်သူ စစ်သားတွေက သူတို့ပုန်ကန် ဆန္ဒပြကြောင်း အသိပေးကြေညာတဲ့ အနေနဲ့ လေထဲမှာ သေနတ်ပစ်ဖောက် အသံပေးကြတာ ဖြစ်ပါတယ်။

ပုန်ကန်တဲ့ စစ်သားတွေရဲ့ အဓိက တောင်းဆိုချက်ကတော့ သူတို့ရဲ့ စားဝတ်နေရေး ပြေလည်အောင်လုပ်ပေးဖို့ သူတို့ရဲ့ လူမှုရေး အခြေအနေတွေကို တိုးတက်ကောင်းမွန် အောင်လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

တနင်္ဂနွေ မနက်ခင်းမှာတော့ ကာကွယ်ရေးဝန်ကြီး အလိန်ရစ်ချတ် ဒန်ဝါဟီ ဟာ ဘဝေါ့ကေးမြို့ကိုသွားရောက်ပြီး သူပုန်စစ်သားတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။

စစ်သားတွေဘက်က လစာတိုးမြှင့်ပေးဖို့ သူတို့ကို ဆုကြေးတွေ ပေးဖို့ တောင်းဆိုကြတဲ့အပြင် သူတို့ရဲ့ ဆင်းရဲတဲ့ ဘဝအခြေအနေကို ကုစားဖို့ စစ်သား တယောက်စီ ကို ဒေါ်လာ ၈ ထောင် ချက်ချင်း ထုတ်ပေးရမယ်။ နေစရာ တယောက်ကို အိမ်တလုံးစီလည်း စီစဉ်ပေးရမယ်လို့ တောင်းဆိုကြတာဖြစ်ပါတယ်။

အိုင်ဗရီကို့စ် သမ္မတ အလက်ဆန် ဝါတာရာက စစ်သားတွေတောင်းဆိုတာတွေကို စဉ်းစားပေးပါ့မယ်လို့ ကတိပြုလိုက်လျောခဲ့ပါတယ်။ အိုင်ဗရီကို့စ် နိုင်ငံဟာ ဆယ်နှစ်ကြာပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်ကမှ ငြိမ်းချမ်းရေးရယူနိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ