အမျိုးသမီးယောင်ဆောင်ပြီး အစ္စရေးစစ်သားတွေဆီက သတင်းနှိုက်

  • 12 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် IDF
Image caption အမျိုးသမီးအယောင်ဆောင်ပြီး စစ်သားတွေကို စည်းရုံး

ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးစစ်သားတွေကို အွန်လိုင်းပေါ်မှာ မိန်းကလေးယောင်ဆောင် တွေ့ဆုံပြီး ရင်းနှီးအောင်လုပ်၊ ပြီးတော့ သူတို့လှုပ်ရှားမှုတွေကို ထောက်လှမ်းနေတယ်လို့ အစ္စရေးစစ်တပ်က ပြောလိုက်ပါတယ်။

ဟားမတ်စ်အဖွဲ့က နောက်ကွယ်က လုပ်နေတာ ဖြစ်ပြီး အစ္စရေးစစ်သား တော်တော်များများ ဒီထောင်ချောက်ထဲ ကျသွားကြတယ်လို့ ဆို ပါတယ်။

စစ်သားတွေကို ချောမောတဲ့ မိန်းမပျိုကလေးတွေက ချဉ်းကပ်ကြပြီး ရင်းနှီးလာရင် စစ်သားတွေရဲ့ ဖုန်းတွေထဲကို application လေးတွေထည့်ဖို့ စည်းရုံးကြပါတယ်။

အဲဒီ app လေးတွေ ရှိသွားတဲ့ ဖုန်းကို စစ်သွေးကြွတွေက အဝေးက ထိန်းချုပ်ပြီး ဖုန်းကတဆင့် ဓာတ်ပုံတွေ ရိုက်တာ၊ အသံခိုးဖမ်းတာတွေ လုပ်နိုင်ပါတယ်။

ချဉ်းကပ်ခံရသူ အများစုဟာ ငယ်ရွယ်တဲ့ အစ္စရေး စစ်သားတွေ ဖြစ်ကြပြီး၊ ပါလက်စတိုင်းတွေ ဖက်က သိချင်တာကတော့ အစ္စရေးစစ်တပ်ရဲ့ အင်အား၊ လက်နက်အနေအထားနဲ့ ပါလက်စတိုင်းနယ်မြေတွေအနားမှာ နေရာချထားမှု အစီအစဉ်တွေအကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ထိုးဖောက် ထောက်လှမ်းမှုတွေဟာ စိုးရိမ်စရာ ဖြစ်နိုင်ပေမယ့် အခုအထိတော့ အစ္စရေးရဲ့ လုံခြုံရေးကို ကြီးကြီးမားမား ချိုးဖောက်ခံရတာမျိုး မရှိသေးဘူးလို့ ထောက်လှမ်းရေး အကြီးအကဲတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ