ကင်ဆာဆဲလ်ပျံ့ပွားနှုန်း စမ်းသပ်ခန်းမှာ ၇၅ ရာခိုင်နှုန်းလျော့ချနိုင်ပြီ

  • 13 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် BBC_SPL
Image caption ကင်ဆာဆဲလ် အဆုပ်ကို ပျံ့တာ နှေးကွေးသွား

ကင်ဆာ ရောဂါ ကို ကုသနိုင်ဖို့ သုတေသနလုပ်နေတဲ့ ပညာရှင်တွေ က ကင်ဆာဆဲလ်တွေ ပျံနှံ့မှု ကို တိရိစ္ဆာန် တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ပျံ့ပွားနှုန်း သိသိသာသာ ကြီးကို လျော့ချ နိုင်တာကို တွေ့ရပြီးတော့ ဒါဟာ အနာဂတ်မှာ ကင်ဆာရောဂါ ကုသနိုင်ရေးအတွက် အရေးကြီးတဲ့ အဆင့်ကို လှမ်းလိုက်နိုင်တဲ့ အောင်မြင်မှု လို့ဆိုပါတယ်။

ကင်ဆာရောဂါ လူမှာဖြစ်ပြီဆိုရင် ကင်ဆာဆဲလ်တွေ က ကိုယ်ခန္ဓာ နေရာအနှံ့ ပျံ့ပွားကုန်ကြပြီး ဆဲလ် အကောင်းတွေနေရာမှာ သူတို့က ဝင်ယူပစ်လိုက်တာပါ။

ကင်ဆာကြောင့် လူတွေ သေဆုံးရတဲ့အကြောင်းရင်းတွေ ရဲ့ ၉၀ ရာခိုင်နှုန်း ကလည်း အဲဒီ ကင်ဆာဆဲလ် တွေ ပျံ့နှံ့လာလို့ပါ။

ကိန်းဘရစ်တက္ကသိုလ် ဆန်ဂါး အင်စတီကျု က သုတေသီတွေ က စမ်းသပ်ခန်းက ကြွက်လေးတွေမှာ အရေပြားကင်ဆာ ဖြစ်လိုက်စေပြီးတော့ သူတို့ရဲ့ Immune System လို့ခေါ်တဲ့ ကိုယ်ခံအား စနစ် ကို အပြောင်းအလဲ လုပ်ပေးထားလိုက်ပါတယ်။

အဲဒီလို လေ့လာ ကြည့်ရာမှာ အရေပြားက ကင်ဆာဆဲလ်တွေ အဆုပ်ကို ပျံ့ပွား သွားနှုန်း က ပုံမှန် ပျံ့နှုန်းထက်နှိုင်းစာရင် အများကြီး လျော့နည်း သွားတာ တွေ့လိုက်ရပါတယ်။

တချို့ကြွက်တွေမှာ ၇၅ရာခိုင်နှုန်း အထိ ပျံ့နှုန်း က လျော့ကျ သွားပါတယ်။

သုတေသီတွေ က မျိုးဗီဇ ပြုပြင်ထားတဲ့ ကြွက် ၈၁၀ ကို အသုံးပြုပြီးတော့ သူတို့ကိုယ်ထဲက ဘယ် ဒီအန်အေ မျိုးဗီဇ အစိတ်အပိုင်း က ကင်ဆာဆဲလ် ပျံ့နှံ့မှု ကို လျော့ချ စေနိုင်တာလဲ ဆိုတာ ကို လေ့လာ ခဲ့ကြတာပါ။

သူတို့ ပစ်မှတ်ထားပြီး ကြည့်တဲ့ ဒီအန်အေ မျိုးဗီဇအစိတ်အပိုင်းရဲ့ နာမည်ကို SPNS 2 လို့အမည်ပေးထားပြီးတော့ အဲဒီ ဒီအန်အေ မျိုးဗီဇအစိတ်အပိုင်း က ကင်ဆာဆဲလ် ပျံ့နှံ့မှု ကို ၇၅ ရာခိုင်နှုန်းလျော့ချ နိုင်ပါတယ်။

ကင်ဆာ သုတေသန ယူကေ အဖွဲ့က အခု သုတေသီတွေ ရဲ့တွေ့ရှိချက် ဟာ ကင်ဆာဆဲလ်တွေ ဘယ်လို ပျံ့သလဲဆိုတာ ကို ပိုသိလာရတယ်၊ အဲဒီကနေတဆင့် ကုထုံးအသစ် တွေ ကို တွေ့လာရနိုင်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ