အစ္စရေး က ဆီးရီးယားထဲ လေကြောင်း တိုက်ခိုက် ခဲ့ကြောင်း သတင်းထွက်

  • 13 ဇန်နဝါရီ 2017
Image caption အယ်လ် မက်ဇာ အရပ်က လေတပ် စခန်း တိုက်ခိုက် ခံရ။

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စ်ကပ်စ် ရဲ့ အပြင်ဘက် အယ်လ် မက်ဇာ အရပ်မှာ ရှိတဲ့ စစ် လေယာဉ်ကွင်းမှာ ဖြစ်ပေါ် ခဲ့တဲ့ ပေါက်ကွဲမှု တွေ ရဲ့ လက်သည်ဟာ အစ္စရေး ဖြစ်တယ် ဆိုပြီး ဆီးရီးယား အစိုးရက ပြစ်တင် ပြောဆို လိုက်ပါတယ်။

အစ္စရေး လေယာဉ် တစ်စင်းက ဂါလီလီ ပင်လယ် မြောက်ဘက်ပိုင်း ကနေ ဒုံးကျည်တွေ ပစ်လွှတ် ခဲ့တာ ဖြစ်တယ်လို့ ဆီးရီးယား စစ်တပ်က ပြောပါတယ်။

အစ္စရေးဟာ သူ့ရဲ့ ကျူးလွန်မှု အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံရမယ် ဆိုပြီး တော့လည်း ဆီးရီးယားက ဆိုပါတယ်။

အခုလို လေကြောင်း တိုက်ခိုက် ခံခဲ့ရတဲ့ စစ် အခြေစိုက် စခန်း ကနေ ဆီးရီးယား အစိုးရ စစ်တပ်ဟာ ဒမတ်စ်ကပ်စ် ဝန်းကျင် မှာ ရှိတဲ့ သူပုန် ထိန်းချုပ် နယ်မြေ တွေကို ရော့ကက် ဒုံးကျည် တွေနဲ့ ပစ်ခတ် နေတာ ဖြစ်တယ် ဆိုပြီး သတင်းထောက် တွေက ပြောပါတယ်။

အခုလို ဆီးရီးယားထဲ လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ခဲ့တယ် ဆိုတဲ့ သတင်း အပေါ် ဘယ်လို တုံ့ပြန် မှတ်ချက်မျိုးမှ ပေးမှာ မဟုတ်ဘူး ဆိုပြီး အစ္စရေး အစိုးရက ပြောပါတယ်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့တွေကို ကူညီ နေတဲ့ ဟစ္စလဘိုလာ လက်နက်ကိုင် တွေကို ပစ်မှတ် ထားပြီး အစ္စရေးက ဆီးရီးယား ထဲ လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှု တွေ အရင်တုန်းကလည်း ထွက်ပေါ် ခဲ့ဖူး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ