တောင်တရုတ် ပင်လယ် အရေး တရုတ် အပြင်းအထန် တုံ့ပြန်

  • 13 ဇန်နဝါရီ 2017
Image caption တောင်တရုတ် ပင်လယ် ပြင်ထဲ တရုတ်က ကျွန်းတုတွေ ဆောက်နေ

တောင်တရုတ် ပင်လယ်ထဲ တရုတ်ရဲ့ ဆောင်ရွက်ချက် တွေကို ဟန့်တား ပိတ်မယ် ဆိုရင် ဆိုးရွားလှတဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့ တရုတ်က ပြောပါတယ်။

ဒါဟာ ဒေါ်နယ်ထရမ့် လက်ထက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာဖို့ လျာထားတဲ့ ရက်ဇ် တေလာဆင်က ကျွန်းတု ဆောက်မှုတွေကို တရုတ်က မရပ်ရင် နောက်ဆက်တွဲ ပြဿနာတွေ ရင်ဆိုင်ရ နိုင်တယ်လို့ ပြောခဲ့တဲ့ အပေါ် တရုတ်ဘက်က တုံ့ပြန် လာပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ ကိုယ့်နိုင်ငံ အချုပ်အခြာ ပိုင်နက်မှာ ပုံမှန် ဆောင်ရွက်မှုတွေကို လုပ်ဆောင် ပိုင်ခွင့် ရှိတယ် ဆိုပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ လုကန်းက က ပြောပါတယ်။

ဒေသတွင်း အပါအဝင် နိုင်ငံတကာရဲ့ အကျိုးစီးပွား နဲ့ အညီ သဘောတူညီ လုပ်ဆောင်မှုတွေ အပေါ် ဒေသ အပြင်ဖက်က နိုင်ငံတွေ အနေနဲ့လည်း လေးစား လိုက်နာဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

တရုတ် အစိုးရ အာဘော်ကို ဖော်ပြတဲ့ သတင်းစာ နှစ်စောင်မှာလည်း မစ္စတာ တေလာဆင် ရဲ့ စကား အပေါ် အပြင်း အထန် ဝေဖန် ရေးသား ဖော်ပြ နေကြတာကို တွေ့ရ ပါတယ်။

Global Times သတင်းစာ ထဲမှာ ဆိုရင် ဒီပြောဆိုမှုဟာ အတိုင်းအတာ ကျယ်ပြန့်တဲ့ စစ်ပွဲ အထိတောင် ဦးတည် သွားနိုင်တယ်လို့ တောင် သတိပေး ရေးသားပါတယ်။

တရုတ် နေ့စဉ် သတင်းစာမှာလည်း တရုတ် အမေရိကန် ဆက်ဆံရေးနဲ့ အထွေထွေ သံတမန် ဆက်ဆံရေး ကို မသိ နားမလည်ရာပဲ မစ္စတာ တေလာဆင်က ပြောရာ ကျတယ်လို့ ဝေဖန် ထားပါတယ်။

ဒေသတွင်း နိုင်ငံတွေကြား ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့ တောင်တရုတ် ပင်လယ် ပြင်ထဲက သန္တာ ကျောက်တန်း တွေမှာ တရုတ် နိုင်ငံက ကျွန်းတုတွေ ဆောက် နေတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ဒီ အပြုအမူကို တားဆီးမယ်လို့ ရက်ဇ် တေလာဆင်က ပြောပေမယ့် ဘယ်လို ဘယ်ပုံ လုပ်ဆောင်မယ် ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

တရုတ် နေ့စဉ် သတင်းစာ The China Daily မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် ဖြစ်လာမယ့် သူဆီမှာ တရုတ်နိုင်ငံ အပေါ် ဆန့်ကျင်တဲ့ အမြင် တွေ ဘယ်လောက် အတိုင်းအတာ အထိ ရှိတယ် ဆိုတာနဲ့ အမေရိကန် အစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒ အပေါ် စောင့်ကြည့် ရမှာပဲ ဖြစ်တယ်လို့ သုံးသပ် ရေးသား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ