နာမည်ကျော် လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ ထရမ့် အချင်းများ

  • 15 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရေးသမားတွေ အနုပညာသမားတွေဟာ ကွန်ဂရက် အမတ် ဂျွန်လူးဝစ်ဘက်ကနေ အုံကြွခုခံပြောကြားလာ

အမေရိကန် ကွန်ဂရက် အမတ် ဂျွန်လူးဝစ်နဲ့ အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်တို့ကြား အချင်းများကြတဲ့ ဖြစ်စဉ်ဟာ တဖြည်းဖြည်း ပိုပြီး ကျယ်ပြန့်လာပါတယ်။

ကွန်ဂရက်စ် လွှတ်တော်အမတ် ဂျွန်လူးဝစ်စ်က မစ္စတာ ထရမ့်ဟာ တရားဝင်တဲ့ သမ္မတ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အဲသလိုပြောပြီးနောက်မှာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဂျွန်လူးဝစ်ကို အပြောသမား ပြောပြီးရင်း ပြောရင်း ပြောနေပေမယ့် လက်တွေ့ ဘာမှ မလုပ်တဲ့လူလို့ ပြန်ပြောလိုက်ပါတယ်။ အဲဒါတွေ ပြောနေမယ့်အစား ကိုယ့်မဲဆန္ဒနယ်ကိုယ်ပဲ ဂရုစိုက်ပါဦးလို့ twitter ကနေ ပြောလိုက်ပါတယ်။

အဲဒီနောက်မှာ နိုင်ငံရေးသမားတွေ အနုပညာသမားတွေဟာ ကွန်ဂရက် အမတ် ဂျွန်လူးဝစ်ဘက်ကနေ အုံကြွခုခံပြောကြားလာကြတာ ဖြစ်ပါတယ်။

ရက်ဗ်ရန် အယ်လ် ရှာ့ပ် တန် ဦးဆောင်တဲ့ နိုင်ငံသား အခွင့်အရေးလှုပ်ရှားကြသူတွေ ကဒေါ်နယ်ထရမ့် သမ္မတရာထူးလွှဲပြောင်းလက်ခံမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင် ခင် တပတ်အလိုကာလမှာ ဆန္ဒပြပွဲတွေ စတင်ကျင်းပပြုလုပ်တဲ့ အချိန်မှာပဲ အခုလို အချင်းများမှု ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

ဂျွန်လူးဝစ်ကို ထောက်ခံကြသူတွေက ဒေါသထွက်ကြပါတယ်။ သူတို့က ဂျွန်လူးဝစ်ဟာ သမိုင်းဝင် သူရဲကောင်း တယောက်ဖြစ်တယ် သူ့ကို ဒီလို မပြောသင့်ဘူးလို့ ဆိုကြပါတယ်။

ဂျွန်လူးဝစ်ဟာ ၁၉၆၀ နောက်ပိုင်း နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်က မာတင်လူသာကင်း ခေါင်းဆောင်တဲ့ ဝါရှင်တန်ချီတက်ပွဲမှာ မိန့်ခွန်းပြောကြားခဲ့ သူတွေထဲက နောက်ဆုံးသက်ရှိထင်ရှားကျန်သူ တယောက်လည်း ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သူ့ပေါ်လစီ ဘာဆိုတာ ရှင်းရှင်း ပြောခဲ့ပြီးပြီ။ သူ့ကို သမ္မတအမည်စာရင်း ဘယ်လို တင်သွင်းခဲ့တယ်ဆိုတာ ပြောခဲ့ပြီးပြီ။ ကျနော်တို့ အခုဒီကိုလာတာဟာ အထက်လွှတ်တော် အောက်လွှတ်တော်ထဲက အမတ်တွေ ကိုယ့်ယုံကြည်ချက်အပေါ်မှာ ကိုယ် ကျောရိုးခိုင်ခိုင်မာမာ ရှိကြပါတယ်။ သတ္တိရှိကြပါလို့ ပြောဖို့လာတာ ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာ ရှာ့ပ်တန် က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ သွေးခဲလုမတတ် အေးလှတဲ့ ဆောင်းရာသီကြီးမှာ ဝါရှင်တန် ဒီစီမှာ ရှိတဲ့ မာတင်လူသာကင်း ဂျူနီယာ အမှတ်တရ နေရာ အထိ ချီတက်နေကြပါတယ်။ သူတို့ ပါးစပ်ကလည်း တရားမျှတမှု မရှိရင် ငြိမ်းချမ်းမှုလည်း မရှိနိုင်ဘူးလို့ ကြွေးကြော်နေကြပါတယ်။

ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာ ရှာ့ပတန်က သူတို့ နောက်ဆုတ်မှာ မဟုတ်ဘူး။ သူတို့ကို အနိုင်ယူလို့မရဘူးဆိုတဲ့စကားကို ဒေါ်နယ်ထရမ့်ရဲ့ နာမည်စာလုံး ထရမ့်နဲ့ စာလုံးပေါင်းတူစကားလုံးကို အသုံးပြုပြီး we won't be trumped လို့ ပြောတော့ ဆန္ဒပြသူပရိတ်သတ်က သံယောင်လိုက်ကြွေးကြော်ကြပါတယ်။

မစ္စတာ ဂျွန်လူးဝစ်က မစ္စတာထရမ့်အရွေးကောက်ခံရတာဟာ ရုရှားလက်ချက်ပါတယ်လို့ ယုံကြည်တဲ့ အတွက် သူ့ကို တရားဝင် အရွေးကောက်ခံရတဲ့ သမ္မတလို့ လက်မခံနိုင်တဲ့ အတွက် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို သူတက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ