ဆမ်ဆန်းကုမ္ပဏီ အခွင့်အရေးမျှော်ကိုးပြီး လှူလို့ စွပ်စွဲ

  • 16 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆမ်ဆန်း ကုမ္ပဏီရဲ့ အရိုက်အရာ ဆက်ခံမယ့် လီဂျေယွန်

တောင်ကိုရီးယားနိုင်ငံ ဆမ်ဆန်း ကုမ္ပဏီရဲ့ အရိုက်အရာ ဆက်ခံမယ့် လီဂျေယွန်ကို လာဘ်ပေးလာဘ်ယူလုပ်မှုအပါအဝင် အဂတိလိုက်စားမှုတွေနဲ့ ဖမ်းဝရမ်းထုတ်ဖို့ အထူးအစိုးရအမှုလိုက်ရှေ့နေက ဆောင်ရွက်နေပါပြီ။

တောင်ကိုရီးယားနိုင်ငံမှ ဆမ်ဆန်း ကုမ္ပဏီဟာ သမ္မတ Park Geung hye ရဲ့ ရင်းနှီးတဲ့မိတ်ဆွေ Choi Soon Sil ထူထောင်ထားတဲ့ ဖေါင်ဒေးရှင်းတွေကို အစိုးရထံက အခွင့်အရေးရဖို့ မျှော်ကိုးပြီး လှူဒါန်းခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။

ကုမ္ပဏီ ဘက်ကတော့ အခုလိုဖမ်းဝရမ်းထုတ်မှာကို နားမလည် နိုင်တော့ဘူးလို့ ဆိုပါတယ်။ အခုအခါ ဆိုးလ်ခရိုင် ဗဟိုတရားရုံးကနေ ဝရမ်းထုတ်ဖို့ဆုံးဖြတ်ရမယ့်အဆင့်ရောက်နေပါပြီ။ တကယ်လို့ ဖမ်းမယ်ဆိုရင် မစ္စတာလီဟာ လက်ရှိဖြစ်နေတဲ့ အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ပထမဆုံး အဖမ်းခံရတဲ့ စီးပွားရေး အကြီးအကဲဖြစ်လာမှာပါ။

မစ္စတာလီက ဆမ်ဆန်းအီလက်ထရောနစ်ရဲ့ ဒုတိယဥက္ကဋ္ဌ တာဝန်ယူ ထားပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုတုန်းက ဖခင်ဖြစ်သူ ကုမ္ပဏီပိုင်ရှင် လီကွန်ဟီ နှလုံးရောဂါဒဏ် ဖိစီးခံရပြီး ဆမ်ဆန်းရဲ့ လက်တွေ့ တာဝန်ယူ ထားရတဲ့သူ ဖြစ်ပါတယ်။ သူ့ကို ဆိုးလ်က အစိုးရရှေ့နေရုံး မှာ ပြီးခဲ့တဲ့အပတ်က နာရီ ၂၀ ကျော် မသင်္ကာသူ အဖြစ် ခေါ်ယူ စစ်ဆေးခံရပါတယ်။

ဆန်ဆမ်းဟာ တောင်ကိုရီးယားမှာ အလွန်နာမည်ကြီးတဲ့ ကုမ္ပဏီကြီး တခုဖြစ်ပြီး သူ့ရဲ့ အရောင်းအင်အားဟာ တိုင်းပြည် ဂျီဒီပီအသားတင် ထုတ်လုပ်မှုရဲ့ ငါးပုံတပုံ လောက် ရှိပါတယ်။ အစိုးရရှေ့နေရုံးက ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အခုလို ဖမ်းဆီးလုပ်ရတာဟာ ဆန်ဆမ်းအတွက် ထိခိုက်မှု ဖြစ်နိုင်ပေမယ့် တိုင်းပြည်စီးပွားရေး အခြေအနေက အရေးကြီးသလို တရားဥပဒေ စိုးမိုးရေးကို ပိုဦးစားပေးရမယ်လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးမယ့်အပေါ် လူထုကြားမှာလည်းအမြင်အမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ ဟန်ဂျွန်းဆူ ဆိုသူကတော့ စီးပွားရေး ပြန်ကောင်းအောင်လုပ်လို့အကျိုးအမြတ်တွေရှိပါတယ်။ အခုတော့ မိသားစုစီးပွားရေးတွေကို တရားဥပဒေနဲ့ ပိုထိထိမိမိကိုင်တွယ်လို့ အားရမိတယ် လို့ဆိုပါတယ်။

နောက်တယောက်ကတော့ ဆမ်ဆန်းအကြီးအကဲကို ဖမ်းမှာကို ဆန့်ကျင်ပါတယ်။ တိုင်းပြည်ကို ကိုယ်စားပြုနေတဲ့လုပ်ငန်းကြီး ပျက်စီးသွားရင် ပြည်သူတွေ အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် ကုမ္ပဏီကို မထိခိုက်အောင်လုပ်ဖို့ရော ဥပဒေကြောင်းအရရောသူ့ကိုမဖမ်းသင့်ဘူးလို့ ပြောပါတယ်။

အခုအစိုးရက စွဲချက်တင်ဖို့ လုပ်နေတဲ့အထဲမှာ နိုင်ငံရေးအရ သြဇာလွှမ်းမိုးနိုင်အောင် မစ္စချွိုင်း ကိုလာဘ်ထိုးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အများပိုင်ငွေကို လာဘ်ထိုးဖို့ အလွဲသုံးစားလုပ်တယ်။ ပါလီမန်ထွက်ဆိုချက်မှာ ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ဘဲ အလှူငွေထည့်ဝင်တယ်လို့ မမှန်မကန်ထွက်ဆိုမှုတွေနဲ့ စွပ်စွဲတာဖြစ်ပါတယ်။

အခုဆမ်ဆန်းရဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ဆမ်ဆန်းစီအင်တီနဲ့ ချေးစက်မှုလုပ်ငန်းတို့ ပူးပေါင်းလိုက်တဲ့ အငြင်းပွားစရာ ကိစ္စမှာ ဆမ်ဆန်းက အဓိကပါနေပါတယ်။

မစ္စချွိုင်းနဲ့သူ့သမီးတို့ ပိုင်တဲ့ ကုမ္ပဏီကို အကျိုးအမြတ်ရဖို့ ပိုက်ဆံထည့်တာလို့ အမှုလိုက်ရှေ့နေတွေ စွပ်စွဲပါတယ်။ ဒီဇင်ဘာလ ပါလီမန် ကြားနာမှုမှာ ဆန်ဆမ်းက ဖေါင်ဒေးရှင်း၂ ခုကို အမေရိကန်ဒေါ်လာ ၁၈ သန်း နီးပါး ပေးခဲ့ပြီး ဒါဟာ ဘာအကျိုးအမြတ်ကိုမှ တောင်းခံတာမရှိဘူးလို့ ထွက်ချက်ပေးပါတယ်။

အဲဒီထွက်ချက်ထဲမှာပဲ မစ္စချွိုင်းရဲ့ သမီးဖြစ်သူ မြင်းအလှစီးတဲ့ အလုပ်အတွက် အကူအညီပေးပြီး ဒေါ်လာ ၉ သိန်း လောက်တန်တဲ့ မြင်းဝယ်ပေးခဲ့တာကို မစ္စတာလီ အနေနဲ့ နောင်တရမိကြောင်း ထွက်ချက်ပေးခဲ့ပါတယ်။အခုလို ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် ကုမ္ပဏီ အကြီးအကဲကို ဖမ်းဆီးလိုက်မယ်ဆိုရင်တော့ တလောက မိုဘိုင်းဖုန်းတွေ ချာဂျင်သွင်းရာမှာ မီးထလောင်လို့ ပြန်ရုတ်သိမ်းရတဲ့ပြဿနာထက် ပိုဆိုးနိုင်တယ်လို့ ဘီဘီစီ သတင်းထောက်ကယ်ဗင်းကင်း က သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ