နှင်းကျားသစ်နဲ့ ရိုးရိုးကျားသစ်တွေ တနေရာထဲ အတူနေ

  • 17 ဇန်နဝါရီ 2017
Image caption ရှားပါး နှင်းတောင် ကျားသစ်တွေ

အသစ်ထွက်လာတဲ့ ဗီဒီယို ပုံတွေအရ နှင်းတောင် ကျားသစ်နဲ့ ရိုးရိုး ကျားသစ်တွေ တိဘက် ကုန်းမြင့်မှာ အတူတူနေတာကို ပထမဆုံး တွေ့ရ ပါတယ်။

ဒါဟာ ဒီမျိုးတုံးနီးပါး ဖြစ်နေတဲ့ နှင်းကျားသစ် တွေအတွက် ပိုပြီး စိတ်ပူစရာ ဖြစ်တယ်လို့ ကျားသစ် ထိန်းသိမ်းရေး ပညာရှင်တွေက ဆိုပါတယ်။

ကျားသစ်ဖမ်းတာနဲ့ စားကျက်မြေ ပျောက်ဆုံးမှုတွေကြောင့် နှင်းကျားသစ် ကောင်ရေ ကျဆင်း နေတာပါ။

သူတို့ ကျက်စားတဲ့ နိုင်ငံ ၁၂ နိုင်ငံက အရာရှိတွေ အင်္ဂါနေ့ နီပေါမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒီ နှင်းကျားသစ်တွေဟာ တခြား ကျားသစ်တွေလို ပတ်ဝန်းကျင်နဲ့ လိုက်အောင် ပြောင်းလဲ နေတတ်ကြတာ မဟုတ်လို့ အစာရေစာ လုံလောက်မှု မရှိရင် မတူတဲ့ အုပ်စုတွေကြား ရန်လိုမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။

Image caption အကောင်ရေ ၃၅ဝဝ က ၇ဝဝဝ လောက် ရှိနိုင်

ခြိမ်းခြောက်ခံနေရ

နှင်းကျားသစ် တွေဟာ ပေ ၉ဝဝဝ ကျော်မြင့်တဲ့ တောင်ပေါ်က ကျောက်ဆောင်တွေမှာ နေကြတာပါ။

ရိုးရိုးကျားသစ် တွေက တော့ မြေနိမ့်ပိုင်းက သစ်တောတွေမှာ နေကြတာ ဖြစ်ပါတယ်။

မွန်ဂိုးလီးယား၊ တရုတ်၊ အာဖဂန် နစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန် စတဲ့ နိုင်ငံတွေအပြင် အာရှ အလယ်ပိုင်း နိုင်ငံတွေထိ ဒီ နှင်းတောင် ကျားသစ်တွေကို တွေ့ရပါတယ်။

သူတို့ကို တောထဲမှာ အကောင်ရေ ၃၅ဝဝ က ၇ဝဝဝ လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။