ယူကေမှာ ထရမ့်ဆန့်ကျင်ရေး အမျိုးသမီးတွေ သောင်းနဲ့ချီ ဆန္ဒပြ

  • 21 ဇန်နဝါရီ 2017
Image caption လန်ဒန်က ထရမ့်ဆန့်ကျင်ရေး အမျိုးသမီး ချီတက်ပွဲ

အမေရိကန် သမ္မတ နေရာကို ဒေါ်နယ်ထရမ့် ရောက်လာပြီး နောက်တစ်ရက် မှာပဲ ထရမ့် ဆန့်ကျင်ရေး နိုင်ငံတကာ လှုပ်ရှားမှု တွေ ပေါ်ပေါက် လာတာမှာ ယူကေ တနံတလျားက မြို့ကြီး တွေမှာလည်း ချီတက် ဆန္ဒပြပွဲတွေ ပြုလုပ် လာပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်မှာ လူပေါင်း နှစ်သိန်း လောက်ထိ ပါဝင်လာဖို့ မျှော်လင့်ထားတဲ့ အမျိုးသမီး ချီတက် လှုပ်ရှားမှုနဲ့ ထပ်တူ သွေးစည်း ညီညွတ်ကြောင်း ပြသဖို့ အခုလို ယူကေ မြို့ကြီး တွေ မှာလည်း ပြုလုပ် ကြတာ ဖြစ်ပါတယ်။

လန်ဒန် အပါအဝင်၊ မြောက်အိုင်ယာလန် မြို့တော် ဘဲလ်ဖတ်စ်၊ ဝေလပြည်နယ် မြို့တော် ကားဒစ်ဖ်၊ စကော့တလန် မြို့တော် အက်ဒင်ဘရာ နဲ့ အင်္ဂလန် မြို့ကြီး တွေ ဖြစ်တဲ့ လန်ကက်စတာ၊ လိဒ်စ်၊ လစ်ဗာပူး နဲ့ မန်ချက်စတာ မြို့တွေ မှာ ချီတက် ခဲ့ကြတာပါ။

လန်ဒန်မြို့ အမေရိကန် သံရုံ ရှေ့ကနေ မြို့လယ် အချက်အချာ နေရာ ထြာဖားလ်ဂါး ရင်ပြင် အထိ စုဝေး ချီတက် ခဲ့ကြပြီး၊ အဲဒီကနေ တဆင့် လန်ဒန် မြို့လယ် လမ်းတွေပေါ် ဖြတ်သန်း ကြရင်းသား 'တံတိုင်း တွေ အစား၊ တံတားတွေကို ဆောက်ကြ' ကြွေးကြော်သံတွေ ဟစ်ကြွေး ခဲ့ကြပါတယ်။

ဒေါ်နယ်ထရမ့် အစိုးရသစ် လက်ထက် အမျိုးသမီးတွေရဲ့ တန်းတူ အခွင့်အရေး အခြိမ်းခြောက် ခံရနိုင်တယ် လို့ ဆန္ဒပြသူတွေက ရှုမြင် ထားကြပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ အမျိုးသမီးတွေကို လေးစား တန်ဖိုး ထားမှု မရှိပဲ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆို ခဲ့တာကို ဖော်ပြနေတဲ့ ဗီဒီယိုဖိုင် တစ်ခု ထွက်ပေါ် လာခဲ့ဖူးပြီး၊ အဲဒီ အချိန် ကတည်းက ထရမ့် အပေါ် အမျိုးသမီးထု အပါအဝင် လိင်ခွဲခြားမှုကို ဆန့်ကျင်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြပါတယ်။

ဩစတြေးလျ နိုင်ငံမှာလည်း ထရမ့်အပေါ် တခဲနက် ဆန့်ကျင် ခဲ့ကြတာမှာ ဆစ်ဒနီ မြို့ ဆန္ဒ ပြပွဲမှာ ဆိုရင် ဟိုက်ဒ်ပါ့ခ် ပန်းခြံထဲ လူတွေ ထောင်ဂဏန်း တချို့ စုဝေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ