ပစိဖိတ် ဒေသတလွှား လွတ်လပ် ကုန်သွယ်ဇုံထဲကနေ ထရမ့် နှုတ်ထွက်

  • 23 ဇန်နဝါရီ 2017
Image caption TPP ထဲကနေ ထွက်မယ် ဆိုတာ မဲဆွယ် ကာလတွေ အတွင်း မစ္စတာထရမ့် ပေးခဲ့တဲ့ အဓိက ကတိကဝတ် တစ်ခု ဖြစ်။

အမေရိကန် သမ္မတသစ် အဖြစ် ဒေါ်နယ်ထရမ့် စတင် ရုံးတက် လာခဲ့တဲ့ ပထမဆုံးနေ့၊ ဇန်နဝါရီ ၂၃ ရက် တနင်္လာနေ့ မှာပဲ အမေရိကန် ပြည်ထောင်စုနဲ့ ကျန် ကမ္ဘာ့ နိုင်ငံတွေကြား ဆက်ဆံရေးမှာ အင်မတန် အရေးပါတဲ့ အပြောင်းအလဲ တစ်ခုကို ပြတ်ပြတ်သားသား ဆုံးဖြတ် ခဲ့ပါတယ်။

ပစိဖိတ် သမုဒ္ဒရာ တလွှား နိုင်ငံတွေကြား ဖော်ဆောင်ကြမယ် ဆိုပြီး ပြင်ဆင် ထားလက်စ TPP လို့ ခေါ်တဲ့ ကုန်သွယ်ရေး လွတ်လပ်ဇုံကြီး ထဲကနေ အမေရိကန် နှုတ်ထွက် သွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်အကိုင် အခွင့် အလမ်းတွေကို ပြည်တွင်းမှာ မဖန်တီးပဲ၊ နိုင်ငံရပ်ခြားမှာ ဖော်ဆောင်မယ့် အမေရိကန် ကုမ္ပဏီတွေကို အပြစ်ပေး အရေးယူမယ် ဆိုပြီးတော့လည်း သမ္မတ ထရမ့်က သတိပေး ခဲ့ပါတယ်။

TPP ဖော်ဆောင်ဖို့ အိုဘားမား အစိုးရ လက်ထက် ဆွေးနွေး ညှိနှိုင်း ထားတာ ဖြစ်ပြီး၊ တရားဝင် စာချုပ်စာတမ်း တစုံတရာ လက်မှတ် ရေးထိုးထားတာမျိုး တော့ မရှိ သေးပါဘူး။

TPP ထဲကနေ ထွက်မယ် ဆိုတာ မဲဆွယ် ကာလတွေ အတွင်း မစ္စတာထရမ့် ပေးခဲ့တဲ့ အဓိက ကတိကဝတ် တစ်ခု ဖြစ်ပါတယ်။

တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန် ထိန်းချုပ်နိုင်အောင် ဖော်ဆောင် ထားတယ် ဆိုပြီး ရှုမြင် သုံးသပ် ထားတဲ့ TPP ထဲကနေ အခုလို အမေရိကန် နှုတ်ထွက် သွားတာဟာ ပစိဖိတ် ဒေသ နိုင်ငံတွေ အတွက် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြီးကြီးမားမား ပေါ်ပေါက် လာနိုင်တယ်လို့ သတင်းထောက် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ