ရေနံပိုက်လိုင်း စီမံကိန်း ၂ ခု ပြန်စဖို့ ထရမ့် သမ္မတ အမိန့် ထုတ်ပြန်

  • 24 ဇန်နဝါရီ 2017
Image caption ဒေါ်နယ် ထရမ့်က သမ္မတ အမိန့် ထုတ်ပြန်

အမေရိကန် ပြည်ထောင်စုမှာ အငြင်းပွားဖွယ် ဖြစ်တဲ့ ရေနံ ပိုက်လိုင်း နှစ်ခု သွယ်တန်း ရေး စီမံကိန်း တွေ ကို ပြန်လည် အသက်သွင်း ဖော်ဆောင်ဖို့ ဒေါ်နယ် ထရမ့်က သမ္မတ အမိန့် ထုတ်ပြန် လိုက်ပါတယ်။

ဒါ့ကြောင့် အဲဒီ ရေနံ ပိုက်လိုင်း စီမံကိန်းတွေကို ကန့်ကွက် နေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ နဲ့ မူလဘူတ ဌာနေ တွေ ဖြစ်တဲ့ အမေရိကန် အင်းဒီယန်းစ် တွေကို မကျေမနပ် ဖြစ် လာ စေပါတယ်။

သမ္မတ ထရမ့်ကတော့ Keystone XL နဲ့ Dakota Access စီမံကိန်း နှစ်ခု စလုံးကို ဖော်ဆောင် ဖို့ ပြန်လည် ညှိနှိုင်းတာ တွေ ပြုလုပ်မယ်လို့ ပြောနေပြီး၊ အဲဒီ စီမံကိန်း တွေကြောင့် ထောင်ပေါင်း များစွာသော အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင် လိမ့်မယ်လို့လည်း ဆိုပါတယ်။

မြောက်ပိုင်း ဒါကိုတာ ပြည်နယ် ထဲက Standing Rock Sioux လို့ ခေါ်တဲ့ ဌာနေ အမေရိကန် အင်းဒီးယန်းစ် မျိုးနွယ်စုကတော့ ပိုက်လိုင်း စီမံကိန်း အကောင်အထည် မဖော်ရေး အတွက် ဥပဒေကြောင်း အရ တွန်းလှန် သွားမယ်လို့ ပြောပါတယ်။

တခါ၊ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် ထရမ့်က ရွေးချယ် ထားတဲ့ နစ်ကီ ဟေလီကို ဆီးနိတ် လွှတ်တော်ရဲ့ နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာ ကော်မတီက သဘောတူ ခွင့်ပြု လိုက်ပါတယ်။

နစ်ကီ ဟေလီ အနေနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍမှာ အတွေ့အကြုံ မရှိလှ ပေမယ့် ရီပတ်ဘလစ်ကင် တွေ ဆီကရော၊ ဒီမိုကရက် တွေ ဆီကပါ ထောက်ခံမှု ရခဲ့ပါတယ်။

ရီပတ်ဘလစ်ကင် ပါတီထဲ နောက်ပိုင်း ထိပ်တန်း ဖြစ်လာမယ့်သူ အဖြစ် အများက ရှုမြင် ထားကြတဲ့မစ္စ ဟေလီဟာ တောင်ကာရိုလိုင်းနား ပြည်နယ် အုပ်ချုပ်ရေးမှုး ဖြစ်ပြီး အိန္ဒိယ နိုင်ငံက ရွှေ့ပြောင်း ဝင်ရောက်လာတဲ့ မိဘ နှစ်ပါး ကနေ ပေါက်ဖွား လာသူ ဖြစ်ပါတယ်။

အခုလို ဆီးနိတ် ကော်မတီရဲ့ လက်ခံမှု ရခဲ့ပြီး နောက်မှာတော့ မစ္စ ဟေလီကို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် ခန့်မလား ဆိုတာကို ဆီးနိတ် လွှတ်တော်ကြီး တစ်ခုလုံးက ဆုံးဖြတ်ကြမှာ ဖြစ်ပြီး၊ အတည်ပြု လက်ခံ လာဖို့ သေချာ သလောက် ရှိ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ