မွေ့ရာ အောက်က ဒေါ်လာ သန်း ၂ဝ သိမ်းမိ

  • 25 ဇန်နဝါရီ 2017
Image caption မွေ့ရာ အောက်က သိမ်းရတဲ့ ငွေတွေ

အမေရိကန် ဒေါ်လာ သန်း ၂ဝ ဖိုး ငွေစက္ကူ တွေကို မက်ဆာချူးဆက် ပြည်နယ် တိုက်ခန်း တခုမှာ မွေ့ရာ အောက်ကနေ သိမ်းဆည်း ရမိခဲ့ပါတယ်။

ဒီငွေတွေဟာ အင်တာနက် ဖုန်းဝန်ဆောင်တဲ့ TelexFree ဆိုတဲ့ ကုမ္ပဏီနဲ့ ပတ်သက်နေတဲ့ ဒေါ်လာ သန်းတထောင်ကျော် ငွေကြေး မသမာမှုနဲ့ ပတ်သက်မယ်လို့ ယူဆ ထားပါတယ်။

ဒီအမှုနဲ့ ဆက်စပ် စွဲဆို ထားတဲ့ ဘရာဇီး အမျိုးသား တယောက်ကို လိုက်ရှာရင်း ဒီငွေတွေကို သိမ်းမိခဲ့တာပါ။

ဒီပျက်သွားတဲ့ ကုမ္ပဏီက ကမ္ဘာ တလွှား လူ တသန်းလောက်ကနေ ဒေါ်လာ သန်းတထောင်လောက် လိမ်ညာယူခဲ့တယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက ဆိုပါတယ်။

ဖမ်းမိထားတဲ့ ဘရာဇီး လူမျိုး မစ္စတာ ရိုချာကို ငွေကြေး ခဝါချမှုမှာ ပါဝင် ပတ်သက်တယ် ဆိုပြီး စွဲဆို ထားပါတယ်။

ဒီလူဟာ သန်းချီတဲ့ ဒေါ်လာတွေကို ငွေမည်းက ငွေဖြူ ပြောင်းပြီး ဟောင်ကောင်က တဆင့် ဘရာဇီး ပြန်ပို့နေတယ်လို့လည်း စွပ်စွဲ ထားပါတယ်။

အင်တာနက် ဖုန်းခေါ်တဲ့ VoIP စနစ် ဝန်ဆောင်မှု ပေးတယ် ဆိုပြီး လူတွေကို အင်တာနက်က ကြော်ငြာတွေ တင်ခိုင်းပြီး ငွေရှာတယ် လို့လည်း အမေရိကန် အစိုးရ ရှေ့နေတွေက ဆိုပါတယ်။