ဗြိတိသျှဝန်ကြီးချုပ် ထရမ့်နဲ့တွေ့ဖို့ သွား

  • 26 ဇန်နဝါရီ 2017

ဗြိတိသျှဝန်ကြီးချုပ် ထရီစာမေ ဒီကနေ့ အမေရိကန်ကိုရောက်လာမှာ ဖြစ်ပြီး ဒီကနေ့မှာပဲ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး ဗြိတိန်နဲ့ အမေရိကန်အတူတကွ ကမ္ဘာကိုဦးဆောင်နိုင်မယ့်အကြောင်း ပြောဖို့ ရှိနေပါတယ်။

မစ္စက်မေဟာ သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ ပထမဆုံး တွေ့ဆုံမယ့် နိုင်ငံခြားခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။

အေဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ မစ္စတာထရမ့်က ညှဉ်းပမ်းစစ်ဆေးနည်းတွေက အလုပ်ဖြစ်တယ်လို့ သူယုံကြည်ကြောင်း ပြောခဲ့တဲ့အတွက်မစ္စက်မေနဲ့ ဆွေးနွေးပွဲတွေမှာ အခက်အခဲ ဖြစ်နိုင်မယ်လို့ ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ထရီစာမေဟာ ထရမ့်ကို ပထမဆုံးလာတွေ့တဲ့ နိုင်ငံခြားခေါင်းဆောင်ဖြစ်

ဗြိတိသျှ အစိုးရက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ညှင်းပမ်းနှိပ်စက်မှုကို ဆန့်ကျင်ကြောင်း ပြောထားပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ အကျဉ်းသားတွေကို ချုပ်နှောင်ပြီး မျက်နှာကို ရေလောင်း နှိပ်စက် စစ်ဆေးတာက အလုပ်ဖြစ်တယ်၊ မီးကို မီးနဲ့ ပြန် တိုက်ရမယ်လို့ ပြောလိုက်ပါတယ်။

ထရမ့်က အစွန်းရောက်ဝါဒကို ဘယ်လို တရားဝင်နည်းလမ်းတွေ သုံးပြီး ပြန်လည် တိုက်ဖျက် စစ်ခင်းနိုင်မယ်ဆိုတာကို ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်စ်နဲ့ စီအိုင်အေ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး မိုက်ပွန်ပီရို တို့နဲ့ ဆွေးနွေးမယ်လို့လည်း အေဘီစီ သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ အစွန်းရောက် အဖွဲ့တွေက ခေါင်းဖြတ်သတ် နေတယ်၊ ကျွန်တော်တို့က ညီမျှတဲ့ ကစားကွင်း တစ်ခုမှာ ယှဉ်ပြိုင် နေရတာ မဟုတ်ဘူးလို့ ထရမ့်က ပြောခဲ့ပါတယ်။

ဒါပေမယ့် စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း လီယွန်ပက်နက်တာ ကတော့ ညှဉ်းပန်းစစ်ဆေးမှု ကျင့်သုံးရင် နောက်ကို ပြန်သွားတဲ့ အလွန်မှားယွင်းမှု တခု လို့ ယူဆပါတယ်။

အဆင့်မြင့် ထောက်လှမ်းရေးအရာရှိတွေကို ညှဉ်းပန်းနှိပ်စက် စစ်ဆေးမှု တွေ အလုပ် ဖြစ် မဖြစ် သူ မေးရာမှာ သေချာပေါက် အလုပ် ဖြစ်ကြောင်း ပြန် ဖြေကြတယ်လို့ ထရမ့်ကတော့ ဆိုပါတယ်။

မျက်နှာပေါ် ရေလောင်းချ နှိပ်စက် စစ်ဆေးခြင်းကို အမေရိကန် နိုင်ငံမှာ တားမြစ်ပိတ်ပင်ထားတယ်လို့ အများက ယူဆထားကြပါတယ်။

ထရမ့်က သူ ဒီကိစ္စ အတွက် ကာကွယ်ရေးဝန်ကြီးနဲ့ စီအိုင်အေ ဒါရိုက်တာတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်၊ သူတို့က နှိပ်စက်မှုတွေ လုပ် စစ်ဆေးချင်ရင် သူခွင့်ပြုမယ်၊ သူတို့က ဒီနည်းတွေ မသုံးဘူးလို့ ဆုံးဖြတ်ရင်လည်း သူ့အနေနဲ့ အဆင်ပြေတယ်လို့လည်း ပြောပါတယ်။

ပါတီတွင်း ကနဦး ရွေးကောက်ပွဲ အကြို မဲဆွယ်ကာလတုန်းက ပြုလုပ်ခဲ့တဲ့ ရုပ်သံ ငြင်းခုံဆွေးနွေးပွဲ တခုမှာ ထရမ့်က အကြမ်းဖက်မှု သံသယနဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ရေမွန်းနှိပ်စက်ခြင်း အပါအဝင် ကြမ်းတမ်းတဲ့ စစ်ဆေးနည်းတွေ သုံးခိုင်းမယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီရပ်တည်ချက်နဲ့ ပတ်သက်ပြီး အနည်းအငယ် လျော့သွားပြီး သူ့အနေနဲ့ စစ်တပ်ကို နိုင်ငံတကာဥပဒေတွေ ချိုးဖောက်ခိုင်းတာမျိုးတော့ မလုပ်ဘူးလို့ ပြောခဲ့ပါတယ်။

လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရယူဖို့ အတွက် ဒီလို အကြမ်းဖက် စစ်ဆေးစရာ လိုကို မလိုပါဘူး၊ ဗိုလ်ချုပ်ကြီး မက်တစ်စ်လည်း ဒီလိုပဲ ယူဆတယ်၊ ထောက်လှမ်းအဖွဲ့အစည်းတွေ အားလုံးက ဒီလိုပဲ ခံယူတယ်၊ အက်ဖ်ဘီအိုင်ကလည်း ဒီလိုပဲ ယုံကြည် ထားပါတယ်၊ ဒီလိုတွေ ညှဉ်းပန်းနှိပ်စက်ရင် ကမ္ဘာအလယ်မှာ အမေရိကန် နိုင်ငံဟာ သိက္ခာကျစရာ ဖြစ်မယ်လို့ စီအိုင်အေ ဒါရိုက်တာ ဟောင်း လီယွန်ပက်နက်တာက ဘီဘီစီရဲ့ ထရမ့် ရက် ၁၀၀ အစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ