ကန် နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ဗြိတိန် ပြော

  • 27 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် နဲ့ ဗြိတိန် တို့ရဲ့ ပုံရိပ် ကောင်းမွန်ဖို့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ဆန်းသစ် ရမယ်လို့လည်း ထရီစာ မေ က ပြော

ကမ္ဘာကြီး ကို ဦးဆောင်ဖို့ အတွက် အမေရိကန် နဲ့ ဗြိတိန် တို့ ဟာ ထူးခြား တဲ့ ဆက်ဆံရေး ကို တည်ဆောက် ရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာ မေ ဟာ ရီပတ် ဘလီကန် ပါတီ က လွှတ်တော် အမတ်တွေ နဲ့ တွေ့ဆုံပွဲမှာ ပြောကြား လိုက် ပါတယ်။

နှစ်နိုင်ငံကြား ယုံကြည်မှု ကို အတူတကွ တည်ဆောက် ခဲ့ကြပြီး အခု ချိန်မှာ အမေရိကန် က အားသစ်မာန်သစ် နဲ့ နိုးကြား လာသလို ဗြိတိန် ကလည်း အသစ် ပြန်စ နေတယ်လို့ ထရီစာ မေ က ဆိုပါတယ်။

ကမ္ဘာကြီး ကို ဦးဆောင်ဖို့ နှစ်နိုင်ငံကြား ထူးခြား တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အခွင့်အရေး ရှိနေပါတယ်လို့လည်း ပြောကြား သွားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမေရိကန် သမ္မတ နဲ့ ဗြိတိန် ဝန်ကြီးချုပ် တို့ တွေ့ဆုံ ကြမှာလည်း ဖြစ်ပါတယ်။ ဒေါ်နယ် ထရမ့် အမေရိကန် သမ္မတ အဖြစ် ကျမ်းကျိန် ခဲ့ပြီးနောက် ထရီစာ မေ က ပထမဆုံး တွေ့ဆုံမဲ့ နိုင်ငံရပ်ခြား ခေါင်းဆောင် တစ်ဦး လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ နိုင်ငံတွေ ကြားမှာ အမေရိကန် နဲ့ ဗြိတိန် တို့ရဲ့ ပုံရိပ် ကောင်းမွန်ဖို့ အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ဆန်းသစ် ရမယ်လို့လည်း ထရီစာ မေ က ပြောပါတယ်။

အကြမ်းဖက် ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ နှစ်နိုင်ငံကြား တက်တက်ကြွကြွ ပူးပေါင်း ဖြေရှင်းဖို့ အသင့် ရှိနေသင့်တယ်လို့လည်း မစ္စစ် မေ က ပြောပါတယ်။

ဗြိတိန် နိုင်ငံ အနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ် ကနေ နှုတ် ထွက်ပြီးနောက်မှာ အမေရိကန် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ကို တည်ဆောက် သွားဖို့ အဆင့်သင့် ပဲ လို့ ဗြိတိန် ဝန်ကြီးချုပ် က ပြောကြား သွား ခဲ့ပါတယ်။

၂၆ ရက်နေ့က အေဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ မစ္စတာထရမ့်က ညှင်းပန်းစစ်ဆေးနည်းတွေက အလုပ်ဖြစ်တယ်လို့ သူယုံကြည်ကြောင်းပြောခဲ့တဲ့အတွက် ထရီစာ မေနဲ့ ဆွေးနွေးပွဲတွေမှာ အခက်အခဲ ဖြစ်နိုင်မယ်လို့ ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။

ဗြိတိသျှ အစိုးရက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ညှင်းပမ်းနှိပ်စက်မှုကို ဆန့်ကျင်ကြောင်း ပြောထားပါတယ်။