တံတိုင်းကာဖို့ ကုန်ကျစားရိတ်အတွက် မက္ကဆီကို ကုန်တွေ ကို အခွန် တိုးကောက်မယ်

  • 27 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption တံတိုင်းဆောက်လို့ ကုန်မယ့်ငွေကို မက္ကဆီကို က စိုက်ခံရမယ်လို့ ထရမ့်က ပြောနေ

မက္ကဆီကို နဲ့ နယ်စပ် မှာ တံတိုင်း တည်ဆောက်တဲ့ ကုန်ကျ စားရိတ် ကို အမေရိကန် က ပေးမှာ မဟုတ်ဘူး ဆိုတာ ကို မိမိ အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်တယ်လို့ အမေရိကန် သမ္မတဒေါ်နယ် ထရမ့် က ပြောပါတယ်။

အမေရိကန် သမ္မတ ရဲ့ ပြောဆိုမှု တွေ ထွက်ပေါ် ခဲ့ပြီးနောက် မက္ကဆီကို သမ္မတ အန်းနရစ် ပင် ညက်တိုး ဟာ ဒေါ်နယ် ထရမ့် နဲ့ တွေ့ဆုံ မယ့် အမေရိကန်ခရီးစဉ် ကို ဖျက်သိမ်း ခဲ့ပါတယ်။

မက္ကဆီကို သမ္မတ က အမေရိကန်သမ္မတ က ကျနော်တို့နိုင်ငံနဲ့ပတ်သက်တဲ့ အမိန့် ၂ ခု ကို ထုတ်ပြန်လိုက်ပါတယ် ၊ တခု က ရွှေ့ပြောင်းဝင်ရောက်သူတွေ ကို နှိမ်နင်းမယ့်ကိစ္စ၊ နောက်တခု က တံတိုင်းကာမယ် ဆိုတဲ့ကိစ္စပါ။ အဲဒီအတွက် ကျနော့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကို ကျနော်တို့ နိုင်ငံသား တွေ အတွက် အကောင်းဆုံးအကာအကွယ် ပေးဖို့ ညွှန်ကြားလိုက်ပြီ လို့ ပြောသလို တံတိုင်း ကို မလိုပါ၊ ကုန်ကျစားရိတ် ပေးဖို့လည်း လုံးဝ မလုပ်ဘူး လို့ ဆိုသွားပါတယ်။

အမေရိကန် ဘက် ကတော့ မက္ကဆီကို ဘက်က ငြင်းပယ်တဲ့အသံ နောက်ပိုင်းမှာ တော့ မက္ကဆီကို က လာတဲ့ တင်သွင်းကုန်တွေကို အခွန် ၂၀ ရာခိုင်နှုန်း ကောက်မယ် လို့ အိမ်ဖြူတော် ဘက်က အသံထွက်လာပါတယ်။

အဲဒီအတွက် အခွန် တိုးလာမယ့် ငွေ က တနှစ် တနှစ် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ လောက်ရှိနိုင်တယ် လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ရှောင် စပိုက်ဆာ က ပြောနေပါတယ်။

မက္ကဆီကို စီးတီး က လမ်းမတွေ မှာတော့ အမေရိကန် သမ္မတသစ် ရဲ့ စကားတွေ အပေါ်စိတ်ပျက်နေတဲ့ လူတွေ ကို တွေ့နေရပါတယ်။