အမေရိကန်နဲ့ ဗြိတိန်ကြား နေတိုးအဖွဲ့အတွက် ထောက်ခံ

  • 28 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အထူးဆက်ဆံရေးသစ် ထူထောင်ပြီ

အမေရိကန်သမ္မတ သစ် ဒေါ်နယ်ထရမ့်က နိုင်ငံတကာ ခေါင်းဆောင်တွေထဲ ပထမဆုံး လက်ခံတွေ့ဆုံလိုက်တာ က ဗြိတိန် ဝန်ကြီးချုပ် ထရီဇာ မေပါ။

ဝန်ကြီးချုပ် ထရီဇာမေ က ဒီအချိန်ဟာ ဗြိတိန်နဲ့ အမေရိကန်တို့အနေနဲ့ ခေတ်မီကမ္ဘာအတွင်း ဦးဆောင် သွားဖို့ ပိုင်းဖြတ်ချက် ကို ပြန်ချမှတ် တဲ့ အချိန်ပါပဲ လို့ သူတို့ ခေါင်းဆောင် ၂ ယောက် တွေ့ဆုံပွဲကို ရည်ညွှန်းပြီး ပြောခဲ့ ပါတယ်။

သူတို့ အိမ်ဖြူတော်မှာ ဆွေးနွေးလို့ အပြီးမှာ တော့ သမ္မတ ထရမ့်ဟာ နေတိုးမဟာမိတ်စာချုပ်အဖွဲ့ ကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံမှု ပေးတယ်လို့ မစ္စက်မေ က ကြေညာနိုင်ခဲ့ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ကလည်း အမေရိကန်ဟာ ဗြိတိန်နဲ့ နက်နက်ရှိုင်းရှိုင်း လက်တွဲခိုင်မာမှုကို ပြန်အသစ်တိုးလိုက်ပြီ၊ စစ်ရေးအရ၊ ဘဏ္ဍာရေးအရ၊ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ ပေါင်းစည်းလက်တွဲတာတွေကို တခေတ်ဆန်း လိုက် ပါပြီ လို့ ပြောပါတယ်။

အမေရိကန်နဲ့ဗြိတိန်အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူချက်တွေ အတွက်လည်း သူတို့ ဆွေးနွေးခဲ့ကြပါတယ်။

တကယ်က လက်တွေ့မှာ ဗြိတိန်ဟာ အီးယူ ကနေ ထွက်ပြီးတဲ့အချိန်မှသာ ကုန်သွယ်ရေး စာချုပ်တွေ ကို လက်တွေ့ ချုပ်ဆိုနိုင်မှာပါ။

ဒါပေမယ့် ဗြိတိန် ဥရောပသမဂ္ဂကနေ ထွက်တာ ကို ကောင်းတယ်လို့ သြဘာပေးခဲ့တဲ့ မစ္စတာ ထရမ့်က ဗြိတိန် ဥရော သမဂ္ဂ ကနေ ထွက်တာ နဲ့ မြန်မြန်ပဲ ကုန်သွယ်ရေး သဘောတူချက် တွေ လုပ်မှာ လို့ ဆိုပါတယ်။

ခေါင်းဆောင် ၂ ယောက် ဟာ အိမ်ဖြူတော် က ဘဲဥပုံ စားပွဲခန်းမ မှာ အရင် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ ရဲ့ ကိုယ်တပိုင်း ကြေးရုပ်ထုရှေ့မှာ လည်း အမှတ်တရ ဓာတ်ပုံရိုက်ကြပါသေးတယ်။

အရင် အိုဘားမား လက်ထက် က အဲဒီရုပ်ထု ကို အခန်းထဲ ကနေ အပြင် ကို ဖယ်ထုတ်ထားခဲ့တာပါ။

သမ္မတ ထရမ့်က ချာချီ ကြေးရုပ်ကို အဲဒီ ခန်းမထဲ ပြန်ထည့်ထားလိုက်နိုင်တာ ကို ဂုဏ်ယူမိတယ်လို့ ပြောသလို ဝန်ကြီးချုပ် မေ ကလည်း အဲသလို လုပ်တဲ့အတွက် အလွန်၀မ်းမြောက်ချမ်းမြေ့ရ ပါတယ် လို့ ဆိုကာ ၂နိုင်ငံကြား ၂ ဘက်အကျိုးစီးပွားတွေ အတွက် အကောင်းတွေ ကို ဆောင်ယူကြမယ်လို့ မှန်းဆကြနေကြပုံပါ။