အမေရိကန်မှာ ဒုက္ခသည် လက်ခံမှု အစီအစဉ် လေးလ ဆိုင်းငံ့

  • 28 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေအတွက်လည်း အမေရိကန် အစိုးရက ကာလအကန့်အသတ်မရှိ လက်ခံမှု ရပ်ဆိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံအတွင်း ဒုက္ခသည် လက်ခံမှု အစီအစဉ်ကို လေးလ ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်လိုက်ပြီး နိုင်ငံ ၆ နိုင်ငံကိုလည်း ဗီဇာထုတ်ပေးမှု သုံးလ ရပ်ဆိုင်းထားလိုက်ပါတယ်။

ဒီ ၆ နိုင်ငံကတော့ အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်နဲ့ ယန်မန်တို့ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေအတွက်လည်း အမေရိကန် အစိုးရက ကာလအကန့်အသတ်မရှိ လက်ခံမှု ရပ်ဆိုင်းထားလိုက်ပါတယ်။

ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေးဖို့ စီစဉ်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းမာ့ကေးဟို့ကလည်း

'ကျနော်တို့ဟာ ဒုက္ခသည်တွေကို ကူညီရမယ်ဆိုတာကို နိုင်ငံတကာ စာချုပ်ချုပ်ထားရတာပါ။ ဒါဟာ ကျနော်တို့ရဲ့ တာဝန်တရပ်ပါ။ လတ်တလောကြားရတဲ့ ဒုက္ခသည်ဆိုင်ရာ ဆုံးဖြတ်ချက်တွေက ကျနော်တို့ ဥရောပသမဂ္ဂကို စိုးရိမ်စေပါတယ်' လို့ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ စစ်ကြောင့်ထွက်ပြေးလာရသူတွေနဲ့ မတရားဖိနှိပ်ခံရလို့ ထွက်ပြေးလာသူတွေကို ဆက်လက်ကာကွယ်ပေးဖို့ လိုတယ်လို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက တိုက်တွန်းလိုက်ပါတယ်။

ဂူဂဲ ကုမ္ပဏီကလည်း ဒေါ်နယ်ထရမ့်ထုတ်တဲ့ အမိန့်တွေရဲ့ သက်ရောက်မှုရှိနိုင်တဲ့ သူတို့ရဲ့ ဝန်ထမ်း တရာကျော် ကိုလည်း အမိန့်အတည်မဖြစ်ခင် ပြည်ပကနေ အမေရိကန်ကို မြန်မြန်ပြန်လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဥရောပကို မူဆလင်နိုင်ငံတွေက လူတွေ ရွှေ့ပြောင်းဝင်ရောက်တာကို ဝေဖန်နေတဲ့ ချက်သမ္မတ မီလိုဇီမန်ကတော့ မစ္စတာ ထရမ့်ဟာ နိုင်ငံသားတွေ အတွက် စိုးရိမ်လို့လုပ်တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ