ထရမ့်ရဲ့ ကန့်သတ်မှု အပေါ် ဂျာမနီ ဝန်ကြီးချုပ် ရှုတ်ချ

  • 29 ဇန်နဝါရီ 2017
Image caption ထရမ့်ရဲ့ ကန့်သတ်မှု အပေါ် ရှုတ်ချ ပြစ်တင်

မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံကနေ ဝင်လာတဲ့ ဒုက္ခသည်တွေရော၊ သာမန် ခရီး သွားတွေ ကိုပါ အမေရိကန်ထဲ ဝင်ခွင့် ပိတ်တဲ့ သမ္မတ ထရမ့် ရဲ့ ကန့်သတ်ချက်ကို သွေဖီ ဆန့်ကျင်တဲ့ အမိန့် တစ်ရပ်ကို နယူးယောက်မြို့ ၊ ဗဟို တရားရုံးတော်က ချမှတ် ခဲ့ပါတယ်။

သမ္မတ ထရမ့် သောကြာနေ့က ထုတ်ပြန် ခဲ့တဲ့ ကန့်သတ်မှုရဲ့ တိုက်ရိုက် အကျိုးဆက် အနေနဲ့ အမေရိကန် နိုင်ငံထဲ ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရသူ တွေကို မူလ နိုင်ငံတွေဆီ ပြန် မပို့သင့် ဘူး ဆိုပြီး တရားရုံးချုပ် တရားသူကြီးက အမိန့် ချခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမိန့်ဟာ၊ ထရမ့် အပေါ်မှာ ဥပဒေကြောင်း အရ အောင်နိုင် လိုက်တာပဲ ဆိုပြီး လူ့ အခွင့်အရေး အဖွဲ့တွေက အောင်ပွဲ ခံနေကြပေမယ့်၊ အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာန ကတော့ သမ္မတ အမိန့်ဟာ ခိုင်မြဲ နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မူလ နိုင်ငံတွေဆီ ပြန် မလွှတ်ရ ဆိုတဲ့ တရားရုံး အမိန့်ဟာ ဝင်လာတဲ့ ခရီးသည် ရာခိုင်နှုန်း အနည်းငယ် အပေါ်မှာသာ သက်ရောက်မှု ရှိတယ်လို့ ပြည်တွင်း လုံခြုံရေး ဌာနက ဆိုပါတယ်။

သမ္မတ ထရမ့်ရဲ့ အမိန့်ဟာ အမေရိကန်ရဲ့ ပြည်ဝင် ပေါက် တွေကို ထိန်းချုပ် တင်းကြပ်ပြီး၊ အမျိုးသား လုံခြုံရေးကို မြှင့်တင်ဖို့ အတွက် ပထမ ခြေလှမ်းပဲ ရှိသေးတယ် လို့လည်း ပြည်တွင်း လုံခြုံရေး ဌာနက ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ ကန့်သတ်မှု အပေါ် ဝေဖန်သံတွေ၊ အမေရိကန် ပြည်တွင်း ပြည်ပ မှာ ထွက်ပေါ် နေတာမှာ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ်က သမ္မတ ထရမ့်ရဲ့ ကန့်သတ်မှု အပေါ် ရှုတ်ချ ပြစ်တင် ပြောဆို ခဲ့သလို၊ ကိုယ်တိုင် မွတ်ဆလင်မ် တစ်ယောက် ဖြစ်တဲ့ လန်ဒန် မြို့တော်ဝန် ဆာဒစ်ခန်း ကလည်း ထရမ့်ရဲ့ အမိန့်ဟာ ရက်စက်ပြီး၊ ရှက်ဖွယ်လိလိ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ