ပြည်ဝင်ခွင့် ကန့်သတ်မိန့်ကို အမေရိကန် မြို့ကြီးတွေမှာ ချီတက် ဆန္ဒပြ

  • 30 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လူတွေအပေါ် ကောင်းကောင်း ဆက်ဆံဖို့ ထရမ့်ကို တောင်းဆိုတဲ့ ကလေးငယ်။

မွတ်ဆလင် အများစု နေထိုင်ရာ နိုင်ငံ ၇ နိုင်ငံက လူတွေကို အမေရိကန်ထဲ လာရောက်ခွင့် ယာယီ ပိတ်ပင်ဖို့ သမ္မတ ထရမ့်က ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တဲ့ အပေါ် အမေရိကန် နေရာ အနှံ့အပြားမှာ လူတွေ ထောင်နဲ့ချီ ထပ်မံ စုဝေး ဆန္ဒပြကြဆဲ ဖြစ်ပါတယ်။

ဘော်စတွန်၊ နယူးယောက်နဲ့ ဝါရှင်တန် မြို့ကြီးတွေမှာ ချီတက် ဆန္ဒပြမှုတွေ ဖြစ်ပေါ် ခဲ့သလို၊ ပြည်နယ်ပေါင်း ၁၆ပြည်နယ်က ဥပဒေ အကြံပေး ရှေ့နေချုပ်ကြီးတွေ ကလည်း သမ္မတ ထရမ့်ရဲ့ ကန့်သတ် အမိန့်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ အမေရိကန် မဆန်ဘူး၊ တရားမဝင်ဘူး ဆိုပြီး ကန့်ကွက် ရှုတ်ချ နေပါတယ်။

ဒီလို ကန့်ကွက်မှုတွေ ရှိနေတဲ့ ကြားကပဲ ထရမ့်ကတော့ သူ့ရဲ့ ကန့်သတ်မိန့် အပေါ် ကာကွယ် ပြောဆို ပါတယ်။

မီဒီယာတွေရဲ့ မဟုတ်မမှန် သတင်းထုတ်လွှင့် မှုတွေကြောင့် မွတ်ဆလင်တွေကို ပိတ်ပင်မှု လုပ်တဲ့အထိ ဖြစ်ခဲ့ရတာ ဆိုပြီးတော့လည်း ထရမ့်ရဲ့ ထုတ်ပြန် ကြေညာချက် တစ်ခုထဲ စွပ်စွဲ ထားပါတယ်။

လာမယ့် ရက်ပေါင်း ၉၀အတွင်း နိုင်ငံ အားလုံးကနေ လာတဲ့ သူတွေအတွက် ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမယ် လို့လည်း သမ္မတ ထရန့်မ်က ပြောပါတယ်။

ဒီကန့်သတ် အမိန့်ဟာ အမေရိကန် နိုင်ငံမှာ တရားဝင် နေခွင့် ရထားတဲ့ Green Card ရထား သူတွေနဲ့ မသက်ဆိုင် ဘူးလို့ အိမ်ဖြူတော် အရာရှိချုပ် ရိုင်းန်စ် ပရီးဘတ်စ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ