လူဝင်မှု ကန့်သတ်မိန့်ကို ပြည်တွင်း လုံခြုံရေး ဌာနကြီးမှုး အသစ် ထောက်ခံ

  • 31 ဇန်နဝါရီ 2017
Image caption ထရမ့်ရဲ့သစ္စာရှိ ဂျွန်ကယ်လီ

မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လာတဲ့ ဒုက္ခသည်တွေရော၊ သာမန် ခရီးသည်တွေကိုပါ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့ ဒေါ်နယ် ထရမ့်ရဲ့ သမ္မတ အမိန့် အပေါ် အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာန အကြီးအကဲ နေရာကို အသစ် ရောက်ရှိ လာတဲ့ ဗိုလ်ချုပ်ကြီး ဂျွန်ကယ်လီက ကာကွယ် ပြောဆို လိုက်ပါတယ်။

အမေရိကန်ထဲ စိမ့်ဝင်ဖို့ ကြိုးစားတဲ့ အကြမ်းဖက် သမားတွေကို ပေါင်းသင်သလိုမျိုး ရှင်းလင်း နိုင်ဖို့ အတွက် ဒီလို ကန့်သတ်တာမျိုး ပြုလုပ်ဖို့ လိုအပ်တယ် ဆိုပြီး ဗိုလ်ချုပ်ကြီး ကယ်လီက ဆိုပါတယ်။

အကောက်ခွန် ဌာနက ထိပ်တန်း အရာရှိ တစ်ယောက်ရဲ့ အဆိုအရတော့ သမ္မတ ကန့်သန့်မိန့် ရှိနေပေမယ့် အခု သီတင်းပတ်ထဲမှာ အမေရိကန်ထဲ ဒုက္ခသည် စုစုပေါင်း ကိုးရာ နီးပါး ဝင်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒီ အချိန်မှာပဲ၊ ထရမ့်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့်ထဲ အီရတ် နိုင်ငံကို ထည့်သွင်း ထားတဲ့ အပေါ် အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်-ဘာဒီက ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင် လိုက်ပါတယ်။

ဒါပေမယ့်လည်း အီရတ်ဘက်က ဘယ်လို လက်တုံ့ပြန်တာ မျိုးမှ လုပ်ဆောင်မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ထရမ့်ရဲ့ ကန့်သတ် ပိတ်ပင်မှုဟာ အီရတ် ပြည်သူ တွေ အပေါ် ကျူးလွန် စော်ကားရာ ရောက်ပြီး၊ အကြမ်းဖက် ဝါဒကို တိုက်ဖျက် နေသူတွေကို အပြစ်ပေး အရေးယူတဲ့ ပုံစံ ဖြစ်နေတယ်လို့ ဝန်ကြီးချုပ် အယ်-အဘာဒီက ပြောပါတယ်။

တခါ၊ အမေရိကန် ပြည်တွင်းကို ကြည့်ပြန်ရင် သမ္မတ ထရမ့်ရဲ့ လူဝင်မှု ဆိုင်ရာ ကန့်သတ်ချက် တွေကို အမေရိကန် မြို့ကြီးတွေထဲ ဆန်ဖရန်စစ္စကို မြို့က စတင် ဆန့်ကျင် လာပါတယ်။

စာရွက်စာတမ်း အထောက်အထား မရှိတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တွေကို ဆက်လက် လက်ခံ ထားဦးမယ့် မြို့ကြီးတွေ ဆိုရင် ဗဟို အစိုးရရဲ့ အထောက်အပံ့ ငွေတွေ မပေးပဲ ထားမယ်လို့ ထရမ့်ရဲ့ ကန့်သတ်မှုထဲ ပါဝင်ပါတယ်။

ဒါပေမယ့် ဆန်ဖရန်စစ္စကို အာဏာပိုင်တွေ ကတော့ ထရမ့်ရဲ့ အမိန့်ဟာ မြို့ကြီးတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာကို ထိပါးရာ ရောက်တယ်လို့ တုံ့ပြန်ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့ဟာ ဗဟို အစိုးရထံက တစ်နှစ်ကို ဒေါ်လာ သန်း တစ်ထောင်ကျော် အထောက်အပံ့ ရရှိ နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ