တရုတ်သူဌေးကြီး ပျောက်မှု ဟောင်ကောင်မှာ ရိုက်ခတ်

  • 1 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် ALEX HOFFORD
Image caption ဟောင်ကောင် ဟိုတယ်ကနေ ထူးထူးဆန်းဆန်း ပျောက်သွားခဲ့

တရုတ် ကုဋေကြွယ် သူဌေးကြီး တယောက် သူပိုင် ဟောင်ကောင် ဟိုတယ်ကနေ ထူးထူးဆန်းဆန်း ပျောက်သွားခဲ့တဲ့ ဖြစ်ရပ်ဟာ ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး တွေထဲက တယောက် ဖြစ်တဲ့ Xiao Jianhua ဟာ တရုတ်အာဏာရ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေနဲ့ ဆက်စပ်နေတဲ့ အရေးကြီးရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေ ကနေ ဒေါ်လာသန်း ထောင်နဲ့ချီ အကျိုးအမြတ် ရခဲ့တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

ထင်ရှားတဲ့သတင်းစာတွေကတော့ သူ့ကို စစ်ဆေး မေးမြန်းဖို့ တရုတ် ပြည်မကြီးကို ခေါ်သွားတာဆိုပြီး ရင်းမြစ် မဖော်ပြတဲ့ အတည်ပြုချက်တွေကို ကိုးကား ဖော်ပြနေကြပါတယ်။

ဒါပေမဲ့ ဟောင်ကောင် သတင်းစာ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ မစ္စတာ Xiao ရဲ့ ကြေညာချက် ဆိုတဲ့ အထဲမှာတော့ သူ့ကို ဖမ်းဆီး ခေါ်ဆောင်သွားတာ မဟုတ်ကြောင်း၊ နေမကောင်းလို့ နိုင်ငံခြားမှာ ဆေးသွားကုနေကြောင်း ရေးထားပါတယ်။

၂ဝ၁၄ ခုနှစ်ကလည်း သူ့ကို တရုတ်အစိုးရက သူ့ရဲ့ ခြစားမှုကို စုံစမ်း စစ်ဆေးမှာ စိုးလို့ ဟောင်ကောင်ကို ရွှေ့လာတာ ဆိုတဲ့ စွပ်စွဲချက်ကို မစ္စတာ Xiao က ပယ်ချ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဟောင်ကောင်မှာ သူနေတဲ့ လေးရာသီ ဟိုတယ်မှာ နောက်ဆုံး တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ Xiao ဟာ တရုတ် ကွန်မြူနစ် ပါတီကို သစ္စာရှိတဲ့ မျိုးချစ်ပါ၊ ပြန်ပေးဆွဲခံရတာ မဟုတ်ပါဘူးလို့ သူ့ကုမ္ပဏီက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့လည်း သူပျောက်နေတာဟာ ပါတီရဲ့ လာဘ်စားမှု တိုက်ဖျက်ရေး ကြောင့်လား၊ သမ္မတ ရှီကျင်ပင်းကို ဆန့်ကျင်တဲ့ တရုတ် အစိုးရ ဘက်ပိုင်းနဲ့ ဆက်နွယ်နေသလား မေးစရာတွေ ဖြစ်နေပါတယ်။

ဒါပေမဲ့လည်း သူဟာ ဘယ်အတိုက်အခံ အဖွဲ့အစည်း အင်အားစုနဲ့မှ မပတ်သက်ခဲ့ပါဘူးလို့ မစ္စတာ Xiao က အရင်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ