ယီမင်မှာလုပ်ခဲ့တဲ့ အမေရိကန် တိုက်ခိုက်မှု ထဲ ကလေးငယ်တွေ သေဆုံးခဲ့ရ

  • 3 ဖေဖော်ဝါရီ 2017
Image caption သေဆုံးခဲ့တဲ့ ကလေးငယ်တွေ ထဲ အသက်ရှစ်နှစ်အရွယ် နဝါ အယ်လောလကီ ပါ၀င်

ယီမင်မှာ အယ်လ်ခိုင်းဒါး အဖွဲ့က စစ်သွေးကြွတွေရှိရာ အမာခံ နေရာကို အမေရိကန် စစ်တပ်က တိုက်ခိုက်တဲ့ နေရာမှာ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေလည်း သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်လာခဲ့ပြီးနောက် အမေရိကန် က လည်း ဒီတိုက်ခိုက်မှု မှာ အရပ်သားတွေ သေဆုံးနိုင်ကြောင်း၊ ဒါပေမယ့်တိုက်ခိုက်မှု ကို အသေအချာစဉ်းစား တိုက်ခိုက်တာ ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

အာရေဗျ ကျွန်းဆွယ် ရဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်လို့ ယူဆရသူ နေထိုင်တဲ့ နေအိမ်စု တစု ကို အမေရိကန် က စစ်ဆင်ရေး ဆင်နွဲခဲ့တာ က ပြီးခဲ့တဲ့ စနေနေ့ကပါ။

စစ်ဆင်ရေး အပြီးမှာတော့ ခန့်မှန်းခြေ စစ်သွေးကြွ ၁၄ ယောက် ကို သုတ်သင်နိုင်ခဲ့တယ်။

အမေရိကန် ဘက်က ကွန်မန်ဒို တယောက် သေဆုံးခဲ့တဲ့အကြောင်း နဲ့ တခြား တပ်ဖွဲ့၀င် ၃ ယောက်လည်း ဒဏ်ရာရခဲ့တဲ့အကြောင်း အမေရိကန် ရဲ့ထုတ်ပြန်ချက် အရ သိခဲ့ကြရပါတယ်။

ယီမင် အလယ်ပိုင်း ဘေဒါ ခရိုင်အတွင်းကတောင်တွေ ထူထပ်တဲ့ ယက်လာ ဒေသမှာ ဖြစ်ခဲ့တဲ့ အဲဒီ စစ်ဆင်ရေးမှာ အပါချီ ရဟတ်ယာဉ်တွေ ပါ၀င်ခဲ့ပြီးတော့ ပစ်မှတ်ထားရာ အိမ်ဝင်းနားမှာအမေရိကန် ကွန်မန်ဒိုတွေ ကို မြေပြင်ကို ချပေးကာ နောက်ပိုင်းမှာ တော့ အဲဒီ တဝိုက် ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေး နောက်ပိုင်း ဆိုရှယ်မီဒီယာ တွေ ထဲမှာ ဒီတိုက်ပွဲအတွင်း သေဆုံးခဲ့တယ် ဆိုတဲ့ ကလေးငယ် တွေရဲ့ အလောင်းပုံတွေ တက်လာပြီး ရက်ပိုင်းအကြာမှာတော့ အမေရိကန် ဘက်ကလည်း အဲဒီ တိုက်ပွဲအတွင်း အရပ်သားတွေ လည်း သေဆုံးနိုင်ခဲ့ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

ရီပရိုက်လို့ ခေါ်တဲ့ လူ့အခွင့်အရေး အဖွဲ့က သူတို့အနေနဲ့ အရပ်သား ၂၃ ယောက် သေဆုံးခဲ့ကြောင်းနဲ့ အဲဒီထဲမှာ ကလေးငယ် ၁၀ ယောက် ပါ၀င်တယ် ဆိုတဲ့အထောက်အထားတွေ ရထားတယ်လို့ ဆိုပါတယ်။

သူတို့ အစီရင်ခံစာ ထဲ ဒေသတွင်းမီဒီယာ တခု ကို ကိုးကားပြီး သေနတ်နဲ့ အပစ်ခံရတဲ့အထဲမှာ ကိုယ်၀န်ဆောင်မိခင်တယောက်လည်းပါကြောင်းနဲ့ သူဟာ ၀မ်းပိုက်ကို အပစ်ခံရပြီးနောက်ပိုင်း ကလေးငယ်ကို မွေးဖွားခဲ့ကြောင်း အဲဒီ ကလေးလည်း ဒဏ်ရာရခဲ့ပြီးသားဖြစ်ပြီး မွေးဖွားပြီး မကြာခင် မှာတင် မွေးကင်းစကလေးငယ် သေဆုံးသွားကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်တွေ ထဲ အသက်ရှစ်နှစ်အရွယ် နဝါ အယ်လောလကီ ဆိုတဲ့ ကလေးမလေး တယောက်လည်း ပါ၀င်ပါတယ်။

သူ က အရင် ၂၀၁၁ တုန်း ကအမေရိကန် ဒရုမ်း က နေ ပစ်ချလိုက်လို့ သေဆုံးခဲ့တဲ့ ယီမင်ဘွားအမေရိကန် နိုင်ငံသားလည်းဖြစ် အယ်ခိုင်းဒါး ခေါင်းဆောင်တယောက်လည်း ဖြစ်တဲ့ အန်ဝါ အယ်လောလကီ ရဲ့ သမီး ပါ။

အယ်ခိုင်းဒါးလ် ဘက်က သတင်းထုတ်ပြန်ရာမှာတော့ သူတို့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ အဗ္ဗဒူ ရွတ်ဖ အယ်လ်ဒါဟက် အဲဒီ တိုက်ပွဲအတွင်းသေဆုံးတယ်၊ အရပ်သား ၃၀ သေကြေခဲ့တယ်၊ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါတယ်လို့ ဆိုပါတယ်။

အမေရိကန် စစ်တပ်ဖက်က သတင်းစာ ရှင်းရာမှာတော့ သူတို့အနေနဲ့ တိုက်ပွဲအတွင်း အမျိုးသမီး တိုက်ခိုက်ရေး သမားတွေ နဲ့လည်း ကြုံခဲ့ရကြောင်း ပြောပါတယ်။

သေဆုံးသွားရတဲ့အရပ်သားတွေ ဟာ တိုက်ခိုက်ရေးသမားတွေနဲ့ ရောယှက်နေလို့ အမေရိကန် တပ်ဖွဲ့၀င်တွေ က မခွဲခြားနိုင်ဖြစ်ခဲ့သလား ၊ ဒါမှ မဟုတ် ရည်ရွယ်ပစ်ခတ်ခဲ့တာလား ဆိုတာ သေသေချာချာ စိစစ် သုံးသပ်နေတယ်လို့ လည်း ပြောပါတယ်။