ရိုမေးနီးယားမှာ ၇ညမြောက် ဆက်တိုက်ဆန္ဒပြနေကြ

  • 7 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရအပေါ် အယုံအကြည် မရှိတော့တဲ့အတွက် အစိုးရ နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြ

ရိုမေးနီးယားနိုင်ငံမှာ အဂတိလိုက်စားမှု ဆိုင်ရာ ပြစ်ဒဏ်တွေ လျှော့ချပေးဖို့ အမိန့်ဒီခရီ တခုနဲ့ ပတ်သက်လို့ ပြည်သူတွေ ကန့်ကွက် ဆန္ဒပြနေတာ ၇ည ဆက်တိုက် ရှိသွားပါပြီ။

အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ အဲဒီ အမိန့်ဒီခရီကို တနင်္ဂနွေတုန်းက ရိုမေးနီးယား အစိုးရက ပယ်ဖျက်ပေးလိုက်ပြီး ဖြစ်ပါတယ်။

အခုလို အစိုးရဘက်က အလျှော့ပေးခဲ့ပေမယ့် ပြည်သူတွေဘက်က တဆင့်တိုးလာခဲ့ပြီး အစိုးရ နှုတ်ထွက်ပေးဖို့အထိ တောင်းဆိုလာနေပါပြီ။

ပြည်သူတွေ လမ်းမပေါ်ထွက် စဆန္ဒပြခဲ့တဲ့ လွန်ခဲ့တဲ့ သီတင်းတပတ်တုန်းကတော့ အဲဒီ အမိန့်ဒီခရီ ကို ပယ်ဖျက်ပေးဖို့ကိုပဲ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

အခု သိန်းနဲ့ ချီတဲ့ ဆန္ဒပြသူတွေက အစိုးရအပေါ် သူတို့ အယုံအကြည် မရှိတော့ဘူး။ အစိုးရ နှုတ်ထွက်ပေးရမယ်လို့ တောင်းဆိုနေကြပါတယ်။

ဆိုရှယ်လ် ဒီမို ကရက် အစိုးရ ပါတီ ရဲ့ ခေါင်းဆောင် Liviu Dragnea က ပြည်သူတွေ အေးဆေးငြိမ်သက်ကြဖို့ ပန်ကြားလိုက်ပြီး လက်ရှိ အစိုးရဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတာ ဖြစ်တဲ့အတွက် နှုတ်ထွက်ပေးစရာ အကြောင်းမရှိကြောင်း ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ဆန္ဒပြသူတွေဘက်က ပါတဲ့ သမ္မတ Klaus Iohannis ဟာ အင်္ဂါနေ့ မှာ ပါလီမန်မှာ မိန့်ခွန်းပြောဖို့ ရှိတယ်လို့ ဘီဘီစီ သတင်းထောက် Nick Thorpe က ဘူခါရက်စ်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ