ထရမ့် ရဲ့ ပညာရေး ဝန်ကြီးကို တစ်မဲ အသာနဲ့ ခန့်အပ်နိုင်ခဲ့

  • 8 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption တဖက် မဲ ၅၀ စီ နဲ့ ထိပ်တိုက် ဖြစ်နေလို့ နောက်ဆုံး ဒုတိယ သမ္မတ မိုက် ပန့်စ် က သူကိုယ်တိုင် မဲ ထည့် ဝင်ရောက် ဖြေရှင်း

သမ္မတ ထရမ့် ရဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ခန့်အပ်တဲ့ အခါမှာ အခု ပညာရေး ဝန်ကြီး အဖြစ် ချမ်းသာကြွယ်ဝပေမဲ့ ပညာရေး လောက နဲ့ ဆက်စပ်မှု မရှိတဲ့ အသက် ၅၉ နှစ် အရွယ် ဘတ်ဆီ ဒီဗော့စ် ကို ရွေးချယ် လို့ ပြဿနာ တွေ တက်ခဲ့ရပါတယ်။

ဆီးနိတ် လွှတ်တော် မှာ မဲခွဲ ဆုံးဖြတ်ရာ မှာ တဖက် မဲ ၅၀ စီ နဲ့ ထိပ်တိုက် ဖြစ်နေလို့ နောက်ဆုံး ဒုတိယ သမ္မတ မိုက် ပန့်စ် က သူကိုယ်တိုင် မဲ ထည့် ဝင်ရောက် ဖြေရှင်း လိုက်မှ ပဲ အတည်ဖြစ်သွားပါတော့တယ်။

ဆီးနိတ်ထဲမှာ ထောက်ခံမဲ မဲ ၅၀ ကန့်ကွက်မဲ ၅၀ နဲ့ တိုက်နေလို့ အခုလို ပါဝင် ဆောင်ရွက် လိုက်ရတဲ့ အကြောင်း ပြောတာပါ။ ၂၀၀၈ ခု နှစ် တုန်းကလည်း ဆီးနိတ် ကော်မတီ မဲခွဲ ရာမှာ ဒု သမ္မတ ဒစ်ချေနီ ရဲ့ မဲ နဲ့ ဆုံးဖြတ် အနိုင်ပေးခဲ့ရ ဖူးပါတယ်။

ဒီမိုကရက် အမတ်တွေ ဖက် က ကန့်ကွက်မဲ ပေးပေမဲ့ သူတို့ ကိုယ်တိုင်ဟာ လူနည်းစု ဖြစ်နေလို့ တမဲ ထဲ နဲ့ ကပ်ရှုံးသွားတာပါ။ ရီပတ်ဗလီကန် အမတ် နှစ်ဦး ကိုယ်တိုင်ပင် ဘက်တ်ဆီ ဒီဗော့စ် ကို ရွေးချယ် ဖို့ ကန့်ကွက် ခဲ့ တဲ့ အတွက် အခုလို ဖြစ်တာပါ။

ဘက်တ်ဆီ ဒီဗော့စ် ကို ပညာရေး ဝန်ကြီး မခန့်ဖို့ ကန့်ကွက်တဲ့ အထဲမှာ အလုပ်သမား သမဂ္ဂ တွေ လူ့အခွင့်အရေး အဖွဲ့တွေ နဲ့ ပညာရေး အဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။

သူဟာ ပညာရေး လောက အတွေ့အကြုံ လုံးဝ မရှိသူ ကို ရွေးချယ် ခန့်အပ် လို့ အများ က ကန့်ကွက်ကြတာပါ။ သူဟာ ငွေကြေးချမ်းသာသူ ပီပီ ရီပတ်ဘလီကန် ပါတီ ကို ငွေ အမြောက်အမြား လှူဒါန်းသူ ဖြစ်သလို မီချီ ဂန်ပြည်နယ် ရဲ့ ရီပတ်ဘလီကန် ပါတီ ဥက္ကဌ တာဝန်ယူခဲ့ဖူးပါတယ်။

အဲဒီတုန်းက ပြည်နယ် အတွင်း ပညာရေး စနစ် ပြောင်းလဲရေး လှုံ့ဆော် ခဲ့ပေမဲ့ သူ လှုပ်ရှားခဲ့တဲ့ စနစ် က နိုင်ငံပိုင် ကျောင်းတွေ အတွက် မဟုတ်ပဲ ပုဂ္ဂလိက ရံပုံငွေ နဲ့ ထူထောင်တဲ့ ကျောင်း တွေ ကို ရည်စူးတာ ဖြစ်ပါတယ်။

ပိုဆိုးသွားတာ ကတော့ ပြီးခဲ့တဲ့ ဇန်နာဝါရီ လတုန်း က ဝန်ကြီး ရာထူး အတွက် ဆီးနိတ် ကော်မတီ ရှေ့မှောက် ကြားနာ စစ်ဆေးခဲ့စဉ် က ဝိုင်အိုမင်း က ကျောင်းတွေ အနေနဲ့ ဝက်ဝံညိုကြီးတွေ ရန် ကနေ ကာကွယ် လို့ ရအောင် သေနတ် ကိုင်ဖို့ လိုအပ်တယ် လို့ ပြောခဲ့လိုပါပဲ။

အမေရိကန် က ကျောင်းတွေ ကောလိပ်တွေ မှာ သေနတ် နဲ့ ပစ်ခတ်မှု တချို့ ရှိနေချိန် မှာ အခုလို မယောင်ရာ ဆီလူး စကားကြောင့် ဘက်တ်ဆီ ဒီဗော့စ် ကို ပညာရေး ဝန်ကြီး ခန့်အပ် ဖို့ သဘောမတူကြတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် အင်တိုနီ ဇာကာ က သုံးသပ် တင်ပြ ထားပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ