သမ္မတ အကောင့်နဲ့ သမီးအတွက် ပြောလို့ ထရမ့် ဝေဖန်ခံရ

  • 9 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ရဲ့ တရားဝင် Twitter အကောင့် ကို ဒေါ်နယ် ထရမ့် က အသုံးပြု ခဲ့တဲ့ အတွက် အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ အပြင်းအထန် ဝေဖန် နေ

သမီး ဖြစ်သူ အီဗန်ကာ ထရမ့် ထုတ်လုပ်တဲ့ အဝတ်အစား ဒီဇိုင်း တွေကို ထပ် မံ ရောင်းချခြင်း မလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နော့စထရောင်း လုပ်ငန်းကြီး ကို ဒေါ်နယ် ထရမ့် က သမ္မတ အသုံးပြုတဲ့ Twitter အကောင့် ကနေ ပြစ်တင် ဝေဖန် လိုက် ပါတယ်။

အစောပိုင်းမှာ ဒေါ်နယ့် ထရမ့် ဟာ သူ့ရဲ့ ကိုယ်ပိုင် Twitter အကောင့် ကနေ နော့ စထရောင်း စီးပွားရေး လုပ်ငန်းစုကြီး ကို ဝေဖန်ခဲ့ပြီး အမေရိကန် သမ္မတ တရားဝင် အသုံးပြု တဲ့ Twitter အကောင့် ကနေ ထပ်မံ ဝေဖန် လိုက်တာပါ။

မိသားစု စီးပွားရေး နဲ့ ပတ်သက်ပြီး သမ္မတ ရဲ့ တရားဝင် Twitter အကောင့် ကို ဒေါ်နယ် ထရမ့် က အသုံးပြု ခဲ့တဲ့ အတွက် အမေရိကန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ အပြင်းအထန် ဝေဖန် နေကြပါတယ်။

နော့စထရောင်း ရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ရဲ့ စီးပွားရေး မူဝါဒ တွေကို တိုက်ခိုက် တာ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ ရှောင် စပိုက်ဆာ က ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း မှာ အမေရိကန် သမ္မတ ထရမ့် ရဲ့ အစိုးရ အဖွဲ့ဝင် တွေ အတည်ပြုရေး အပိုင်း မှာ ဆန့်ကျင်မှု ကန့်ကွက်မှု တွေ ဖြတ်သန်း နေရချိန် မှာ အခု တဖန် မိသားစု ရဲ့ စီးပွားရေး ပါ သက်ရောက် မှု ရှိလာ တာ ကို တွေ့ရပါတယ်။

သမ္မတ ထရမ့် ရဲ့ သမီးဖြစ်သူ အီဗန်ကာ ထရမ့် ရဲ့ အဝတ်အစား ဖက်ရှင် လုပ်ငန်း ဟာ ကုမ္ပဏီ ကြီး နဲ့ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေရာ ကနေ အခု ဖေဖေါ်ဝါရီ လပိုင်း ကပဲ ကုမ္ပဏီ ဘက်ကနေ အီဗန်ကာ ထရမ့် ရဲ့ ဖက်ရှင်ဒီဇိုင်းတွေ ကို လက်မခံတော့ ဘူး လို့ ဆိုယင်း လုပ်ငန်းကိုရပ်ဆဲ လိုက်ပါတယ်။

ကုမ္ပဏီ ဘက် က အကြောင်းပြတာ ကတော့ အီဗန်ကာ ထရမ့် ရဲ့ ဖက်ရှင် ဒီဇိုင်းတွေ အရောင်းကျ လို့ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါနဲ့ပါဆိုရင် အဝတ်အထည် ကုမ္ပဏီ စုစု ပေါင်း ငါးခု ဟာ အီဗန်ကာ ထရမ့် ရဲ့ လုပ်ငန်း နဲ့ အဆက်ဖြတ်လိုက်ကြတာပါ။

ဒီလို သူ့သမီးရဲ့ ဖက်ရှင်လုပ်ငန်း ထိခိုက်အောင် လုပ်ရပါ့မလား ဆိုပြီး သမ္မတ ထရမ့် က twitter က တဆင့် Nordstrom ကုမ္ပဏီ ရဲ့ လုပ်ရပ် ဟာ သူ့သမီး အပေါ်မှာ တရားမျှတမှု မရှိဘူး လို့ တုန့်ပြန် လိုက်ပါတယ်။

ဒီအခါ မှာ ဒီမိုကရက်တွေ ဘက်ကလည်း သမ္မတ တဦး အနေနဲ့ အခုလို ရေးသား ခြင်းဟာ မသင့်တော်တဲ့ အကြောင်း၊ အထူးသဖြင့် ပင်ဆယ်ဗေးနီးယား ပြည်နယ် ဆီးနိတ်အမတ် Bob Casey ရဲ့ ပြောခွင့်ရ ကလည်း Nordstrom ကုမ္ပဏီ အပေါ် အပြစ်ဖို့ တဲ့ အရေးအသား ဟာ လူ့ကျင့်ဝတ် နဲ့ မကိုက်ညီတဲ့ အကြောင်း ဝေဖန် လိုက်ပါတယ်။

မိမိရဲ့ ရာထူး အရှိန်အဝါ ကို မိသားစု စီးပွားရေး အပေါ်မှာ မလျော်မကန် အလွဲသုံး ကြောင်း ထောက်ပြကြပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က မစ္စတာထရမ့် ဟာ သူ့သမီးဘက် က ရပ်တည်ပြတာသာ ဖြစ်ပြီး မိသားစု စီးပွားရေး ထက် သမီးကို သက်သက် တိုက်ခိုက်နေကြ လို့ ဝင်ပါရတာပါ။ သူဟာ သမ္မတ ဝင်ရွေးတယ်၊ အနိုင်ရတယ် အခု နိုင်ငံ ကို ဦးဆောင်နေပြီ။ ဒါကြောင့် မို့ သမ္မတ လုပ်ဆောင်ချက် နဲ့ မိသားစု အရေး ရောထွေး ပြောဆို နေတာ ကို လက်မခံ နိုင်ပါဘူး လို ပြောသွားပါတယ်။

တကယ်တော့ အခု ဝေဖန် နေသူတွေ ဟာ သမ္မတ ရဲ့ ပေါ်လစီ တွေ အပေါ် မှာ မကျေလည်မှု နဲ့ ပြဿနာ ရှာနေတာပါ လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ