နှစ်ပေါင်း ၅၀ ကျော်ကြာမှ အိမ်ပြန်ခွင့်ရတဲ့ တရုတ်စစ်သားကြီး

  • 11 ဖေဖော်ဝါရီ 2017
Image caption နှစ်ပေါင်း ၅၀ ကျော် မိမိရဲ့ နိုင်ငံရင်း တရုတ်နိုင်ငံကို မပြန်နိုင်ပဲ ရှိနေခဲ့ရတဲ့ တရုတ် စစ်သားဟောင်းကြီး မစ္စတာ ဝမ်ချီဟာ မိခင်ရဲ့ ဓါတ်ပုံကို ကိုင်ဆောင်ထားခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာ သူ့ရဲ့ မိခင် ဖြစ်သူဟာ ကွယ်လွန်ခဲ့ပြီး အဲဒီ အချိန်တုန်း က သူဟာ အိမ်မပြန်နိုင်သေးပါဘူး။

အိန္ဒိယနိုင်ငံထဲကို မထင်မှတ်ပဲ ရောက်သွားခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် မိမိရဲ့ နိုင်ငံရင်း တရုတ်နိုင်ငံကို မပြန်နိုင်ပဲ ရှိနေခဲ့ရတဲ့ တရုတ် စစ်သားဟောင်းကြီး မစ္စတာ ဝမ်ချီ ဟာ အခု အသက် ၈၀ အရွယ်မှာ တရုတ်နိုင်ငံ က သူ ဇာတိမြို့ကို ပြန်ရောက် ခဲ့ပါပြီ။

မစ္စတာ ဝမ်ချီ ဟာ အိန္ဒိယ နိုင်ငံရဲ့ ဗျူရိုကရေစီ အခက်အခဲတွေကြောင့် တရုတ် နိုင်ငံ ကို ပြန်ခွင့် မရဘဲ ရှိနေခဲ့ရတာပါ။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် က အိန္ဒိယ ကို မရည်ရွယ်ဘဲ ရောက်လာခဲ့တဲ့ သူ ဖြစ်ပါတယ်။

အဲဒီ အချိန်တုန်း က သူဟာ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် မြေတိုင်း တပ်ဖွဲမှာ တာဝန် ထမ်းဆောင် နေခဲ့တာပါ။ ၁၉၆၃ ခုနှစ်က လမ်းဖောက်လုပ်စဉ် အတွင်းမှာ အိန္ဒိယ နယ်စပ် ကို မထင်မှတ်ဘဲ ဖြတ်ကျော် ဝင်ရောက် မိခဲ့တာ ဖြစ်ကြောင်း မစ္စတာ ဝမ်ချီ က ပြောပါတယ်။

၁၉၆၃ နှစ်သစ်ကူး အချိန် တရုတ်ပြည်မှာတော့ အားလပ်ရက် ဖြစ်နေပြီး ညနေခင်း လမ်းလျှောက် ထွက်မိရာကနေ လမ်းမှားပြီး နယ်စပ် ကို ဖြတ်မိသွားတယ်။ လမ်းပျောက်ပြီး တဝဲဝဲလည် ဖြစ်နေတော့ ပင်ပန်းလာပြီး ဆာလောင် မွတ်သိပ် နေပါတယ်။ အဲဒီမှာ ကြက်ခြေနီ ကားတစ်စီး လာတော့ အကူအညီ တောင်းမိတယ်။ သူတို့က ကျနော့် ကို အိန္ဒိယ စစ်တပ်ဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

ကျနော့်မှာက ဘာအထောက် အထားမှ ပါမလာတဲ့ အတွက် အိန္ဒိယ အစိုးရ က ထောင် ၇ နှစ် ချခဲ့တယ် လို့ မစ္စတာ ဝမ်ချီ က ဟိန္ဒူ ဘာသာစကား နဲ့ အဲဒီ အချိန်တုန်းက အကြောင်း ကို ပြန်ပြောင်း ပြောပြ ပါတယ်။

ထောင်ဒဏ် ၇ နှစ် ကို အိန္ဒိယ နိုင်ငံ အတွင်းက အကျဉ်းထောင်တွေမှာ ကျခံ ခဲ့ရပြီး နောက်ဆုံး နိုင်ငံ အလယ်ပိုင်းက ဝေးလံ ခေါင်သီတဲ့ မက်ယာ ပရာဒက် ပြည်နယ် ထဲက ထောင် တစ်ခု ကနေ ပြန်လည် လွတ်မြောက်ခဲ့ရပါတယ်။

Image caption ထောင်ဒဏ် ၇ နှစ် ကို အိန္ဒိယ နိုင်ငံ အတွင်းက အကျဉ်းထောင်တွေမှာ ကျခံ ခဲ့ရ

လွတ်မြောက်လာတဲ့ အချိန်မှာလည်း တရုတ် ပြည်ကို ပြန်ခွင့် မရဘဲ ဂျုံစက် တစ်ခုမှာ အလုပ ္ဝင်လုပ်ပါတယ်။ ပြီးတော့ အိန္ဒိယသူ ဆူရှီလာ နဲ့ အကြောင်းပါပြီး သားသမီးတွေ မွေးဖွားပြီး အဲဒီ ဒေသမှာ အခြေချ နေထိုင် နေတာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်သွားခဲ့ပါတယ်။ သူတို့ မိသားစု ဟာ အင်မတန်မှ ဆင်းဆင်းရဲရဲ နေထိုင် ကြရတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

သူဟာ တရုတ် နိုင်ငံကို ပြန်ဖို့ အတွက် ၁၉၇၇ ခုနှစ်မှာကတည်း က အိန္ဒိယ အာဏာပိုင်တွေဆီကို အကြိမ်ကြိမ် လျှောက်ထား ခဲ့ပေမယ့် ဘာအကြောင်းမှ ပြန်ကြားခြင်းကို မခံခဲ့ရပါဘူ။

၂၀၁၃ ခုနှစ်မှာတော့ မစ္စတာ ဝမ်ဟာ တရုတ် နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ် နိုင်ငံကို ပြန်ခွင့် မရဘဲ ဖြစ်နေတာပါ။

မစ္စတာ ဝမ်ရဲ့ အခြေအနေတွေကို ဘီဘီစီ က သတင်းထုတ်လွှင့်ပြီးနောက်မှာတော့ တရုတ် သံတမန်တွေက သူ့ကိုယ် လာရောက် တွေ့ဆုံ ခဲ့ကြပါတယ်။ သူ တရုတ် နိုင်ငံ ပြန်သွားလို့ ရအောင် အကူအညီ ပေးမယ်လို့ သံတမန်တွေက ကတိပေး ပြောကြား ခဲ့ကြပါတယ်။

Image caption မစ္စတာ ဝမ် နဲ့ သူ့ရဲ့ မိသားစု ဝင်တွေ

အခုတော့ မစ္စတာ ဝမ်ချီ ဟာ အိန္ဒိယ နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့ပြီး နောက်မှာတော့ တရုတ် နိုင်ငံကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြန်ရောက်လာခဲ့ ပါပြီ။

သောကြာနေ့က အိန္ဒိယ နိုင်ငံ ဒေလီ မြို့က နေ ဘေဂျင်း ကို တိုက်ရိုက် ပျံသန်းတဲ့ လေယာဉ် နဲ့ မစ္စတာ ဝမ် လိုက်ပါလာခဲ့ပြီး အဲဒီ ကမှ တဆင့် သူ့ရဲ့ မွေးရပ်မြေ ရှန်းရန် ကို သွားခဲ့ပါတယ်။

မွေးရပ်မြေမှာတော့ "ခရီးကြမ်း နှင်ခဲ့ရတဲ့ စစ်သားကြီး ကို ကြိုဆိုပါတယ်" ဆိုတဲ့ စာတန်း ကို ကိုင်ဆောင် ထားကြတဲ့ လူအတော်များများ က မစ္စတာ ဝမ် ကို သောင်းသောင်းဖျဖျ ကြိုဆို ခဲ့ပါတယ်။

မစ္စတာ ဝမ် နိုင်ငံ အတွင်းက ထွက်ခွာ နိုင်ပြီ ဆိုတဲ့ စာရွက်စာတမ်း ကို အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပေး ခဲ့ပါတယ်။ အကယ်၍ မိသားစုဝင် တွေ အနေနဲ့ မစ္စတာ ဝမ် နဲ့ အတူ တရုတ် ပြည်ခရီးစဉ် ကို လိုက်ပါသွားချင်တဲ့ ဆန္ဒ ရှိရင် လိုက်နိုင်အောင်လို့ သူ့ရဲ့ မိသားစု ဝင်တွေကိုလည်း နိုင်ငံခြားရေး ဝန်ကြီး ဌာန က အိန္ဒိယ နိုင်ငံကူး လတ်မှတ် ထုတ်ပေးခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံသား အဖြစ် ခံယူထားခြင်း မရှိတဲ့ မစ္စတာ ဝမ် ဟာ အိန္ဒိယ ကို ပြန်မှာ လား ဆိုတာ ကတော့ ရှင်းရှင်းလင်း မသိရသေးပါဘူး။ ဇနီးသည် အိန္ဒိယ သူ ကတော့ ကျန်းမာရေး မကောင်းတဲ့ အတွက် မစ္စတာ ဝမ် နဲ့ အတူ တရုတ် နိုင်ငံ အိမ်ပြန် ခရီးကို လိုက်ပါ ခဲ့ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ