မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှု ရှုံ့ချခံရ

  • 12 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အခုစမ်းတဲ့ ဒုံးပျံဟာ အရင် စမ်းသပ်ဖူးတဲ့ မူဆူဒန် တာလတ်ပစ် ဒုံးပျံဖြစ်နိုင်

မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်ထဲကို ထိပ်ဖူးတပ် ဒုံးပျံနဲ့ စမ်းသပ် ပစ်ခတ်မှုအပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေက ရှုံ့ချလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့ အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့မှာ အစည်းအဝေး ပြုလုပ်နေတဲ့ အချိန်မှာ မြောက်ကိုရီးယားရဲ့ အခုလို စမ်းသပ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဒီဒုံးပျံဟာ ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့ပေမယ့် ဂျပန်ရေပိုင်နက်ထဲကိုတော့ မကျရောက်ခဲ့ဘူးလို့ ဂျပန်အစိုးရဘက်က အတည်ပြု ပြောဆိုထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် အာဘေးက ဒါဟာ သည်းမခံနိုင်စရာပဲလို့ ပြောလိုက်ပြီး အမေရိကန်ကလည်း ဂျပန်ဘက်က ရာနှုန်းပြည့် ရပ်တည်တယ်လို့ ပြောဆိုခဲ့သလို ပြင်သစ်နိုင်ငံကလည်း ဒါကို ဝေဖန်လိုက်ပါတယ်။

အခုလို ပစ်ခတ်မှုဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်နေတယ်လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေး ဌာနက ပြောဆိုလိုက်ပါတယ်။

အခုလို ပစ်ခတ်လိုက်တဲ့ ဒုံးပျံဟာ အကွာအဝေး ကီလိုမီတာ ငါးရာအထိ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ဒုံးပျံနဲ့ နျူးကလီးယား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ကုလသမဂ္ဂက စီးပွားရေး ပိတ်ဆို့မှု ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မကြာသေးခင်က တောင်ကိုရီးယားကို လာရောက်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်စ်က မြောက်ကိုရီးယားဟာ နျူးကလီးယား လက်နက် သုံးလာရင် ထိထိရောက်ရောက်နဲ့ ပြင်းပြင်းထန်ထန် တု့န်ပြန်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ