ဒုံးကျည် စမ်းသပ်မှု အောင်မြင်လို့ မြောက်ကိုရီးယား ကြွေးကြော်

  • 13 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် KIM HEE-CHUL
Image caption ဒုံးကျည် ပစ်လွှတ်မှု အောင်မြင်ကြောင်း ကင်ဂျုံအွန်း က ထုတ်ဖော် ပြောကြား

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က လုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု ကို နိုင်ငံ့ ခေါင်းဆောင် ကင်ဂျုံအွန်း ကိုယ်တိုင် ကြီးကြပ် ကွပ်ကဲ ခဲ့ပြီး ဒုံးကျည် ပစ်လွှတ်မှု အောင်မြင်ကြောင်း ကင်ဂျုံအွန်း က ထုတ်ဖော် ပြောကြား ထားပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကတော့ မြောက်ကိုရီးယား ရဲ့ လုပ်ရပ်ဟာ သည်းမခံ နိုင်စရာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ထားပြီး အမေရိကန် ကလည်း ဂျပန် နိုင်ငံ ဘက်က ရပ်တည် သွားမယ်လို့ ပြောကြားထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံရဲ့ ရန်စ မှု နဲ့ စစ်မက် ပြုမှုတွေကို ကာကွယ် ဖို့ အတွက် ပစိဖိတ် ဒေသက မဟာမိတ် နိုင်ငံတွေကို အကူအညီ ပေးဖို့ အမေရိကန်က စီစဉ် ထားကြောင်း အိမ်ဖြူတော် ဘက် က ပြောပါတယ်။

ဂျပန် ပင်လယ် ထဲကို မြောက်ကိုရီးယား က ဒုံးကျည် စမ်းသပ် ပစ်လွှတ် ခဲ့ပြီး နောက်မှာ အမေရိကန် သမ္မတ ရဲ့ မူဝါဒ ရေးရာ အကြံပေး တစ်ဦး ဖြစ်သူ စတီဖင် မီလာ က သတင်း ဌာနတွေနဲ့ တွေ့ဆုံ စဉ်မှာ ပြောကြား ခဲ့တာပါ။

မြောက်ကိုရီးယား နိုင်ငံဟာ တာလတ်ပစ် ဒုံးကျည် တစ်ခု ကို ဂျပန် ပင်လယ် ဘက် ကို စမ်းသပ် ပစ်လွှတ် ခဲ့ပေမယ့် ဂျပန် ရေပိုင်နက် ထဲကိုတော့ ကျရောက် ခြင်း မရှိ ပါဘူး။

မြောက်ကိုးရီးယား နိုင်ငံ က နေ ဂျပန် ပင်လယ် ဘက် ကို ထိပ်ဖူးတပ် ဒုံးပျံ နဲ့ စမ်းသပ် ပစ်လွှတ်မှု ကို နေတိုး အဖွဲ့ ကလည်း ပြစ်တင်ဝေဖန် လိုက်ပါတယ်။

ဒါဟာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ကို ဖေါက်ဖျက် တဲ့ အကြောင်း ဒီလို ဖေါက်ဖျက်တဲ့ အတွက် ဒေသတွင်း နဲ့ နိုင်ငံ တကာ လုံခြုံရေး ကို ထိပါးရာ လည်း ရောက်တဲ့ အတွက် နိုင်ငံ တကာ နဲ့ ဆက်ဆံရေး အကြားမှာလည်း တင်းမာမှု ကို တိုးပွားစေတယ် လို့ နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg ရန်းစတိုလ်ကျင် ဘက်ဂ် က ပြောပါတယ်။

ဒီအချိန် မှာ မြောက်ကိုးရီးယား အားစမ်းမှု ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေချိန် သမ္မတ ထရမ့် နဲ့ တွေ့ဆုံဆွေးနွေးချိန် နဲ့ ချိန်ကိုက် ဖြစ်အောင် ရန်စ တာ လို့ စစ်ရေး အကဲခတ် တွေ က ဝေဖန်ကြပါတယ်။

အမေရိကန် သမ္မတ ထရမ့် ကလည်း ဒီလိုရန်စတာမျိုး သည်းမခံနိုင်တဲ့ အကြောင်း နဲ့ မဟာမိတ် ဂျပန်နိုင်ငံ ဘက် က ရာနှုန်းပြည့် ရပ်တည်ပေးမဲ့ အကြောင်း ပြောပါတယ်။

မစ္စတာ ထရမ့် ရဲ့ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ် စတီဗင် မီလားက အမေရိကန် အနေနဲ့ ပစိဖိတ် ဒေသဘက် က မဟာမိတ် တွေ နဲ့ သွေးစည်း ညီညွတ်မှု ရှိပြီးကြောင်း ပြောပါတယ်။

တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိတွေ ပြောပြချက် အရ အဆိုပါ တာလတ်ပစ် မူဆူဒန် ဒုံးပျံဟာ မိုင်အားဖြင့် ၃၅၀ အကွာအဝေး အထိ ပစ်လွှတ် နိုင်တဲ့ အတွက် ပစိဖိတ် သမုဒ္ဒရာ အတွင်း က အမေရိကန် ပိုင်နက် ဂူအမ် ကျွန်းအထိ ရောက်နိုင်တဲ့ အကြောင်း ဆိုပါတယ်။ ဒါကြောင့် မို့ တောင်ကိုးရီးယား ဘက် ကိုပါ ချိန်းခြောက်တဲ့ အနေအထား ရောက် လာရင် တုံ့ပြန်ဖို့ အသင့် လို ဗိုလ်မှူးချုပ် ဂျန်ဒုံးဂျင် က ပြောပါတယ်။

တောင်ကိုးရီးယား အမျိုးသား လုံခြုံရေး ကို မြောက်ကိုးရီးယား အနေနဲ့ ဘယ်လိုနည်း နဲ့ ပဲဖြစ်ဖြစ် ကျူးကျော် ရန်စတာနဲ့ ချက်ချင်း တုံ့ပြန်ဖို့ အသင့် အနေအထားပါ။ ဒါကြောင့်မို့ ကင်ဂျုံအန် အနေနဲ့ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် နဲ့ ရန်စနေတာတွေ ရပ်တန်းက မရပ်ရင် ကိုယ့်ရှူးကိုယ်ပတ်ပြီး ကျဆုံးခန်း ရောက်ဖို့ ပဲ ရှိတော့တယ် လို့ သတိပေး စကား ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ