ပလေးဘွိုင်က လုံးတီးပုံတွေ ပြန်သုံးမယ်

  • 14 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Gavin Bond
Image caption ပလေးဘွိုင် မဂ္ဂဇင်းရဲ့ အွန်လိုင်း ကွန်ရက် ကြော်ငြာ

နာမည်ကြီး အမေရိကန် လူမှုဘဝနဲ့ အမျိုးသား ဖျော်ဖြေရေး မဂ္ဂဇင်း ဖြစ်တဲ့ ပလေးဘွိုင် မဂ္ဂဇင်းက ကိုယ်လုံးတီး ဓာတ်ပုံတွေ ပြန်လည်ပြီးတော့ အသုံးပြုမယ်လို့ ဆိုလိုက်ပါတယ်။ ဒါဟာ မနှစ်က ပြုလုပ်ခဲ့တဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေ အသုံးမပြုတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန် ပြင်လိုက်တာပါ။

အခု ဆုံးဖြတ်ချက်ကို စိတ်ကူး ဖန်တီးမှုဆိုင်ရာ အရာရှိမှူးချုပ် အသစ် ဖြစ်တဲ့ ကူးပါးဟက်ဖနာက ကြေညာခဲ့ပြီး မနှစ်က ပြုလုပ်ခဲ့တဲ့ ကိုယ်လုံးတီး ဓာတ်ပုံတွေ အသုံးမပြုတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မှားတယ်လို့ သူက ပြောပါတယ်။

"ဒီနေ့မှာ ကျွန်တော်တို့ရဲ့ မူလသရုပ်သဏ္ဌာန်ကို ပြန်လည် တည်ဆောက်လိုက်ပါပြီ၊ ကျွန်တော်တို့ ဘယ်သူဆိုတာကို ပြန်လည် အရယူလိုက်ပါပြီ" လို့ ဟက်ဖနာက သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာ မှာ ရေးထားပါတယ်။

ပလေးဘွိုင် မဂ္ဂဇင်းရဲ့ မတ်-ဧပြီ စာအုပ် အွန်လိုင်း ကွန်ရက် ကြော်ငြာမှာလည်း ကိုယ်လုံးတီးနေထိုင်မှုဟာ ပုံမှန် အနေအထား ဖြစ်တယ် ( #NakedIsNormal ) ဆိုထားပါတယ်။

ပလေးဘွိုင်ရဲ့ ဒီလို နောက်ကြောင်းပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အွန်လိုင်းအသုံးပြုသူတချို့က ကြိုဆိုကြပေမယ့် တချို့ကလည်း မဂ္ဂဇင်း ရောင်းအားကျသွားလို့ ဒီလို လုပ်တာလို့ ဝေဖန်ကြသလို၊ လိင်စိတ်ကို လှုံ့ဆော်တဲ့ ညစ်ညမ်း ရုပ်ပုံတွေ အလွယ်တကူ လက်လှမ်းမီရှိနေတာဟာ မကောင်းဘူးလို့လည်း ထောက်ပြကြပါတယ်။

"ဝတ်လစ်စလစ် ဖြစ်ခြင်းကို အရင်တုန်းက မဂ္ဂဇင်းရဲ့ ပုံဖော်ခဲ့မှုတွေဟာ ခေတ်နောက်ကျသွားပြီ ဆိုတာကို ပထမဆုံး ဝန်ခံမှာက ကျွန်တော်ပါ" လို့ တနင်္လာနေ့တုန်းက မစ္စတာ ဟက်ဖနာက ပြောခဲ့ပါတယ်။

ပလေးဘွိုင် မဂ္ဂဇင်း တည်ထောင်သူရဲ့ သားဖြစ်သူ အသက် ၂၅ အရွယ် ကူးပါးဟက်ဖနာက "ကိုယ်လုံးတီးမှုဟာ ဘယ်တုန်းကမှ ပြဿနာ မဖြစ်ခဲ့ပါဘူး၊ ဘာကြောင့်ဆို ကိုယ်လုံးတီးမှု ကိုယ်နှိုက်က ပြဿနာ တရပ် မဟုတ်လို့ပါ" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သက်တမ်းရှည် မဂ္ဂဇင်း ပလေးဘွိုင်

ပလေးဘွိုင် မဂ္ဂဇင်းကို ကူးပါးရဲ့ ဖခင်ဖြစ်သူ ဟုချ်ဟက်ဖနာက ၁၉၅၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ရာစုနှစ်ဝက်ကျော် ကြာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လကစပြီး ကိုယ်လုံးတီးဓာတ်ပုံတွေ ပုံနှိပ် ဖော်ပြမှု ရပ်ခဲ့ပါတယ်။

မစ္စစ္စပီ တက္ကသိုလ်က စာနယ်ဇင်း ပါမောက္ခ ဆာမီယာဟူစနီ ကတော့ "ပလေးဘွိုင် မဂ္ဂဇင်းရဲ့ ကိုယ်လုံးတီး ပုံတွေ အသုံးမပြုတော့ဖို့ ဆုံးဖြတ်ချက်က သူ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ထက် အားပေးမှု လျော့ကျဖို့ပဲ ဖြစ်စေခဲ့တယ်" လို့ မှတ်ချက်ပြုပါတယ်။

"ပလေးဘွိုင် နဲ့ ဝစ်လစ်စလစ်ပုံ အသုံးမပြုဘူး ဆိုတာ ဆန့်ကျင်ဘက် အဓိပ္ပာယ် ရှိတဲ့ အရာနှစ်ခုကို ပူးတွဲ လိုက်သလို ဖြစ်သွားခဲ့တယ်" လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ကိုယ်လုံးတီး ပုံတွေ တင်းကျမ်းဖြစ်နေတဲ့ ဒစ်ဂျစ်တဲလ် ခေတ်ကြီးမှာ မဂ္ဂဇင်း အနေနဲ့ လူငယ်ပရိသတ်ကို ဆွဲဆောင်နိုင်ဖို့ရာ ချဉ်းကပ်မှု အသစ်တွေ ပြုလုပ်နိုင်ဖို့လိုကြောင်းလည်း ပြောပါတယ်။

လာမယ့် လထုတ် ပလေးဘွိုင် မဂ္ဂဇင်းအသစ်မှာ ပလေးဘွိုင်ရဲ့ 'ဒဿနိကဗေဒ' နဲ့ 'ပါတီဟာသ'နှစ်ခုအပါအဝင် အရင်တုန်းက အသုံးပြုခဲ့တဲ့ ကဏ္ဍတချို့လည်း ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် မဂ္ဂဇင်းမျက်နှာဖုံးက 'အမျိုးသားများအတွက် ဖျော်ဖြေရေး' ဆိုတဲ့ ခေါင်းစဉ်အခွဲကိုတော့ ဖြုတ်ပါမယ်။

"ပလေးဘွိုင်က အမြဲတမ်း အမျိုးသားကို ဗဟိုပြုတဲ့ လူမှုဘဝရှုခင်း အမှတ်သင်္ကတေ အဖြစ် ဆက်ရှိနေမှာ ဖြစ်ပေမယ့် အခုခေတ်ကြီးမှာ ကျား-မ လူမှုရေးရာ ခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး လူမှုအသိုက်အဝန်းမှာ ပြောဆိုနေကြပြီ ဖြစ်လို့ ကျွန်တော်တို့အနေနဲ့လည်း ပြောင်းလဲ ရပါမယ်" လို့ မစ္စတာ ဟက်ဖနာက ပြောပါတယ်။

ဒါတွေအပြင် မင်းသမီး စကားလက်ဘမ်း (Scarlett Byrne) ရဲ့ နို့သီးခေါင်းလွတ်မြောက်ရေး (Free the Nipple) စည်းရုံးလှုံ့ဆော်မှု ဆိုင်ရာ အက်ဆေးဆောင်းပါး တပုဒ်လည်း မဂ္ဂဇင်းမှာ ပုံနှိပ်မှာဖြစ်ပါတယ်။ ဒီ လှုပ်ရှားမှုက အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တချို့ရဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ မိခင်တွေရဲ့ နို့တိုက်ခွင့်နဲ့ အပေါ်ပိုင်းဗလာကျင်း သွားလာခွင့် အတွက် ကျား-မ မတူညီ ခွဲခြားထားတဲ့ ဥပဒေတွေကို တိုက်ဖျက်ဖို့ စတင်ခဲ့တာပါ။

ဆောင်းပါးမှာ ဘမ်းက အမျိုးသားနဲ့ အမျိုးသမီး ကြားမှာ မတူညီတဲ့ စံသတ်မှတ်မှု ၂ မျိုး ထားရှိမှုတွေ လက်ရှိ အချိန်တိုင် တည်ရှိနေတယ် ဆိုတဲ့ အကြောင်းကို ရေးသားထားတယ်လို့ မဂ္ဂဇင်းက ထုတ်ပြောထားပါတယ်။

ပလေးဘွိုင် မဂ္ဂဇင်းဟာ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ ၁၉၇၀ ခုနှစ်များဆီက ၁ နှစ်မှာ ၅.၆ သန်း ရိုက်နှိပ်ခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာ ၇၀၀,၀၀၀ သာ ပုံနှိပ်ခဲ့ရပါတယ်။

အဖော်အချွတ် ဓာတ်ပုံတွေ အလွယ်တကူ ရရှိနေတဲ့ အင်တာနက် ခေတ်မှာ ပလေးဘွိုင် မဂ္ဂဇင်းလို ဝတ်လစ်စလစ် ဓာတ်ပုံ အသားပေး မဂ္ဂဇင်းတွေဟာ စီးပွားရေးအရ အောင်မြင်မှု မရတော့ပါဘူး။

ဒါပေမယ့် ယုန်ကလေး တကောင် ဘိုးတိုင်လေး ချည်ထားတဲ့ မဂ္ဂဇင်းရဲ့ အမှတ်တံဆိပ်ကတော့ ကမ္ဘာပေါ်မှာ မှတ်မိအလွယ်ဆုံး အမှတ်အသား တခု ဖြစ်နေဆဲပါပဲ။

အခုအချိန်မှာ မဂ္ဂဇင်းဟာ သူရဲ့ အမှတ်သင်္ကေတပါ ရေချိုးခန်းသုံး အမွှေးအကြိုင်၊ အချိုရည်နဲ့ လက်ဝတ်လက်စား ပစ္စည်းတွေ ထုတ်လုပ်ခွင့် လိုင်စင်ချ ပေးခြင်းကနေ ဝင်ငွေအများစု ရရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ