ကင်ဂျုံနမ်းသေမှု အမျိုးသမီးတယောက်ဖမ်း

  • 15 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး ကင်မရာ ပုံရိပ်တွေကို ရဲတွေက အသေးစိတ် စစ်ဆေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်း သေဆုံးမှုနဲ့ ဆက်စပ်ပြီး အမျိုးသမီး နှစ်ယောက်ကို မလေးရှား စုံစမ်း ထောက်လှမ်းရေး အရာရှိတွေ ရှာဖွေ နေကြပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး တယောက်ကို စစ်ဆေးဖို့ ကွာလာလမ်ပူ လေဆိပ်မှာ ဖမ်းဆီးထားတယ်လို့ မလေးရှား အစိုးရ သတင်းဌာနက ထုတ်ပြန်ခဲ့ပေမယ့် မဟုတ်ကြောင်း မလေးရှား ရဲက ပြောပါတယ်။

လေဆိပ် စီစီတီဗီ မှတ်တမ်းပုံတွေက ရတဲ့ သက်သေတွေကနေ ကင်ဂျုံနမ်းသေချိန်မှာ လေဆိပ်မှာ တယောက်တည်း ရှိနေတဲ့ ဗီယက်နမ် နိုင်ငံကူး လက်မှတ်နဲ့ အမျိုးသမီးတယောက်ကိုလည်း ဗုဒ္ဓဟူးနေ့ မနက်က ဖမ်းဆီးခဲ့ပါတယ်။

သူ့အမည်က ၁၉၈၈ က မွေးတဲ့ Doan Thi Huong လို့ ရဲမှတ်တမ်းအရ သိရပါတယ် ။

ကင်ဂျုံနမ်း ဟာ မလေးရှားမှာ တနင်္လာနေ့က အဆိပ်သင့် သေဆုံးခဲ့တာလို့ ယူဆ နေကြပါတယ်။

မကာအိုကို သွားမယ့် လေယာဉ် စောင့်နေတုန်း ကင်ဂျုံနမ်း တိုက်ခိုက် ခံခဲ့ရတဲ့ ကွာလာလမ်ပူ လေဆိပ် မှာ လုံခြုံရေး ကင်မရာတွေက ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို ရဲတွေက အသေးစိတ် စစ်ဆေးနေပါတယ်။

သေဆုံးသူဟာ ကင်ဂျုံနမ်း ဖြစ်တယ်လို့ တောင်ကိုရီးယားက အတည်ပြုပါတယ်။

မလေးရှားနိုင်ငံကတော့ သူက နာမည် နောက်တစ်မျိုးနဲ့ ခရီးသွားတာ ဖြစ်တဲ့ အတွက် ကင်ဂျုံနမ်းဟုတ်တယ်ဆိုတာ အတည်မပြုသေးပါဘူး။

ဓာတ်ပုံ မူပိုင် JIJI PRESS
Image caption တရုတ် က သူ့ကို အကာအကွယ် ပေးထားခဲ့

မလေးရှား ရဲတပ်ဖွဲ့ ရဲ့ ပြောဆိုချက်အရ ကင်ဂျုံနမ်းဟာ ကွာလမ်လာပူ လေဆိပ်မှာ မကာအိုကို သွားဖို့ လေယာဉ်စောင့်နေတုန်းမှာ အမျိုးသမီး ၁ ဦးရဲ့ လုပ်ကြံခြင်းခံခဲ့ရတာပါ။ လုပ်ကြံခံရပုံ အသေးစိတ်ကတော့ ရှင်းလင်းမှု မရှိသေးပါဘူး။ မလေးရှား သတင်းတပုဒ်မှာ နောက်ကနေ လှမ်းဆွဲပြီး မျက်နှာကို အဆိပ်ရည်လောင်းချ ခဲ့တယ်လို့ ဆိုပြီး အခြား သတင်း တခုမှာတော့ အဆိပ်ရည်ဖျန်းထားတဲ့ အဝတ်စတခုနဲ့ မျက်နှာကို အုပ် သတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန် အစိုးရဘက်က အမည်မဖော်တဲ့ ရင်းမြစ်တွေ အဆိုအရ သူ့ကို မြောက်ကိုရီးယားဘက်က အဆိပ်ခတ်တာ လို့ ဆိုပါတယ်။

သူ့ကို မြောက်ကိုရီးယား အစိုးရ ဘက်က သတ်ချင်တာ နှစ်ချီနေပြီ ဖြစ်ပေမယ့် တရုတ် က သူ့ကို အကာအကွယ် ပေးထားတယ်လို့လည်း မြောက်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ က တောင်ကိုရီးယား အမတ်တွေကို ပြောခဲ့ပါတယ်။

၂ဝ၁၂ က တောင်ကိုရီးယား မှာ ဖမ်းခဲ့တဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေး တယောက်က သူ့ကို ပစ်သတ်ဖို့ စီစဉ်ခဲ့တယ်လို့ ဝန်ခံခဲ့ဖူးတယ် လို့လည်း သိရပါတယ်။

သူ့အလောင်းကို ရင်ခွဲ စစ်ဆေးနေပါတယ်။

မြောက်ကိုရီးယား ဘက်က ဒီအမှု အကြောင်း ဘာမှ မပြောသေးပေမယ့် မလေးရှား က သူတို့ သံရုံးကတော့ သူ့အလောင်းထားတဲ့ ဆေးရုံကို လိုက်သွားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ