ထိုင်းမှာ ဆေးခြောက်ပင်တချို့ကို စီးပွားဖြစ် စိုက်ပျိုးခွင့် ပြုလိုက်

  • 17 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption ကန်ချုံ ဆေးခြောက်ပင်ကို ထိုင်းနိုင်ငံက ပြည်နယ်တချို့မှာ စိုက်ခွင့်ပြု

စိုက်ပျိုးခွင့် ပြုလိုက်တဲ့ ဆေးခြောက်အပင်တွေဟာ ထိုင်းနိုင်ငံက Cannabis ဆေးခြောက် အမျိုးအစား နှစ်မျိုးဖြစ်တဲ့ ကန်ချာနဲ့ ကန်ချုံ နှစ်မျိုးထဲက THC မူးယစ်စေတဲ့ ဓါတုပစ္စည်း ၁ ရာခိုင်နှုန်း အောက်ပဲ ပါ၀င်တဲ့ ကန်ချုံ အမျိုးအစား ဖြစ်ကြောင်း၊ သူ့ချည်းပဲ ဆိုရင် မူးယစ်ဆေးဝါး မဖြစ်တဲ့အတွက် ဥပဒေကို ပြင်ဆင် လိုက်တာ ဖြစ်ကြောင်းနဲ့ ဒီဆေးခြောက်ပင် အမျိုးအစားကို စက္ကူနဲ့ချည်မျှင် ထုတ်လုပ်ဖို့ စိုက်ပျိုးလိုသူတွေ အနေနဲ့ ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနမှာ မှတ်ပုံတင်ပြီး ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ စိုက်ခွင့်ပြုမှာ ဖြစ်ကြောင်း ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး အမှတ် ၆ တိုင်းရဲ့ ညွှန်ကြားရေးမှူး နိုင်၀တ္ထဏာ ကေဒ်ဖွန်က ပြောသွားပါတယ်။

ဒီအကြောင်းကို အင်္ဂါနေ့က မဲဆောက်မြို့မှာ ကျင်းပတဲ့ BLO လို့ခေါ်တဲ့ မဲဆောက်-မြ၀တီ မူးယစ်ဆေးဝါး ပူးပေါင်း နှိမ်နင်းရေး ဆွေးနွေးပွဲမှာ ထိုင်းကနေ မြန်မာဖက်ကို အသိပေး တင်ပြ လိုက်တာပါ။

အခု ကန်ချုံခြောက် အပင်တွေကို စက္ကူနဲ့ အထည်ယက် လုပ်ငန်းအတွက် ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်၊ ချင်းရိုင်၊ နန့်၊ တာခ်၊ ဖက်ချဘွန်းနဲ့ မယ်ဟောင် ဆောင် စတဲ့ ခရိုင်၆ခုက မြို့နယ် ၁၅ မြို့နယ်မှာ စိုက်ပျိုးနေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာတော့ စိုက်ပျိုးခွင့် မပေးဘူးလို့ သိရပါတယ်။

ကန်ချုံ ဆေးခြောက်အပင်တွေကို စိုက်ပျိုးတဲ့ ဒေသမှာပဲ စက္ကူနဲ့ အထည် ယက်လုပ်ရမှာ ဖြစ်ပြီး စိုက်ပျိုးတဲ့ဒေသကနေ တခြားဒေသတွေကို အပင်တွေ၊ အရွက်တွေ အဖြစ် သယ်ဆောင်သွားခွင့် မရှိပါဘူး။

ဒါပေမဲ့ ကန်ချုံဆေးခြောက်ပင်က ထုတ်လုပ်တဲ့ စက္ကူနဲ့ အဝတ်အထည် ကုန်ချောတွေကိုတော့ ဘယ်ကိုပဲ ဖြစ်ဖြစ် တင်ပို့ ရောင်းချလို့ ရပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို ခွင့်ပြုထားပေမဲ့ မြန်မာနိုင်ငံမှာတော့ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတဲ့ အတွက် အဲဒီကန်ချုံ ဆေးခြောက် အပင်ကို ဖြစ်စေ၊ အရွက်ကို ဖြစ်စေ၊ မြန်မာနိုင်ငံဖက်ကို သယ်ဆောင် သွားမယ် ဆိုရင်တော့ လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ အရေးယူ ခံရမှာ ဖြစ်တယ်လို့ မြန်မာ BLO ဥက္ကဋ္ဌ မြ၀တီခရိုင် ရဲမှူး၊ ဒုတိယ ရဲမှူးကြီး တင်မျိုးထူးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ