ပါကစ္စတန်မှာ အကြမ်းဖက်သမား စီးနင်း ရှာဖွေမှုတွေလုပ်

  • 17 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး စီးနင်းမှုတွေမှာ စစ်သွေးကြွ ၃၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ဒါဇင်နဲ့ချီ ဖမ်းတာတွေလည်း လုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြော

ပါကစ္စတန်နိုင်ငံက ဆူဖီ မူဆလင် အထွတ်အမြတ်ထားတဲ့ ကျောင်းတကျောင်း အသေခံဗုံးခွဲခံရ အပြီးမှာ နိုင်ငံတဝှမ်း လုံခြုံရေး စီးနင်းမှုတွေကို စလုပ်နေပါတယ်။

ဆင်းဒ်ပြည်နယ်က လယ် ရှာဘတ်ဇ် ကယ်လန်ဒါ ဘုရားကျောင်း အသေခံဗုံးခွဲခံရမှုမှာ အနည်းဆုံး လူ ၈၀ သေဆုံးခဲ့ရတာ ဖြစ်ပြီး ဒါကို အိုင်အက်စ်က သူတို့လုပ်တာလို့ ဝန်ခံထားပါတယ်။

ဗုံးခွဲခံရတဲ့ ဘုရားကျောင်းကို ထိန်းသိမ်းသူဖြစ်တဲ့ ဒေါက်တာ ဆိုင်ယက် မဒီက

'အခုလို သူတို့ အဆင်ခြင်မဲ့ လုပ်ခဲ့ပေမယ့် ဒီကျောင်းကိုထပ်လာဖို့ ဘယ်သူမှ တွန့်ဆုတ်သွားမှာ မဟုတ်ပါဘူး။

လုပ်တဲ့သူတွေ ပုန်းနေတဲ့အချိန်မှာ ကျနော်တို့ကတော့ ရဲရဲဝံ့ဝံ့ပါပဲ' လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လုံခြုံရေး စီးနင်းမှုတွေမှာ စစ်သွေးကြွ ၃၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ဒါဇင်နဲ့ချီ ဖမ်းတာတွေလည်း လုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အာဖဂန်ဘက်မှာ ခိုလှုံနေတဲ့ စစ်သွေးကြွခေါင်းဆောင် ၇၆ ယောက်ကိုလည်း ပါကစ္စတန်ဘက်ကို အမြန်ဆုံးလွှဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန် စစ်တပ်ဟာ အကြမ်းဖက်သမားတွေကို ဦးတည်ပြီး အာဖဂန် နစ္စတန်နိုင်ငံ ကူနာနဲ့ နန်ဂါဟာ ပြည်နယ်ထဲကိုလည်း ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပြီး လောလောဆယ် နယ်စပ်သွားလာမှု ပိတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အပြင်းအထန် တိုက်ခိုက်မှုတွေဟာ အာဖဂန်ဘက်ကနေ စတာလို့ ပါကစ္စတန်စစ်တပ် ပြောရေး ဆိုခွင့်ရှိသူက စွပ်စွဲခဲ့ပေမယ့် အာဖဂန်ဘက်ကလည်း ဒီအကြမ်းဖက်သမားတွေ ပါကစ္စတန်ဘက်မှာပဲ ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ