တရုတ် အနောက်ပိုင်းမှာ ကားတွေ ခြေရာခံ

  • 21 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် GOH CHAI HIN
Image caption အကြမ်းဖက် ပြဿနာ ရင်ဆိုင်နေရတဲ့ Xinjiang ပြည်နယ်

တရုတ် နိုင်ငံ အနောက်ပိုင်း Xinjiang ပြည်နယ် ထဲက နေရာ တစ်ခုမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်မှု အနေနဲ့ ကားတွေမှာ ခြေရာကောက်နိုင်တဲ့ စနစ် ကို မဖြစ်မနေ စတင် တပ်ဆင်ရတော့မှာ ဖြစ်ပါတယ်။

Bayingol ဆိုတဲ့ နေရာမှာ ရှိတဲ့ ကားတွေ အားလုံး မှာ တရုတ်နိုင်ငံရဲ့ Beidou satellite ဂြိုဟ်တု စနစ် နဲ့ ဆက်ထားတဲ့ ပစ္စည်း တခုကို တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ အဲဒီ ကားတွေ ဘယ်သွားသွား ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ဘိုင်ဒူး ဂြိုလ်ထု စံနစ်ပေါ်လာတော့ အမေရိကန်ထုတ် ဂျီပီအက်စ် စံနစ်ကို မဖြစ်မနေ မှီခို အားထားရမယ့် အခြေအနေက လွတ်မြောက်သွားနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားပိုင်ရှင်တွေ အနေနဲ့လည်း ကိုယ့်ကား အခိုးခံရတာဘဲ ဖြစ်ဖြစ် ပျောက်သွားရင် အလွယ်တကူ ရှာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်ဆင်ဖို့ ငြင်းဆိုသူတွေကို ဓာတ်ဆီ ဝယ်ခွင့် မပေးဘူးလို့ သတိပေးထားပါတယ်။

ကားတွေဟာ အကြမ်းဖက်သမားတွေရဲ့ အဓိက သယ်ယူပို့ဆောင်ရေး နည်းလမ်းဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် FREDERIC J. BROWN
Image caption ဒေသခံ ဝိဂါ တွေ အပေါ် ဖိနှိပ်တယ် ဆိုပြီး ဟန်လူမျိုး ဆန့်ကျင်ရေးတွေ ဖြစ်ပေါ်

ရှန်ကျန်း ပြည်နယ်ဟာ တရုတ်နိုင်ငံမှာ အကြီးဆုံး ပြည်နယ် တခု ဖြစ်ပြီး နိုင်ငံပေါင်း ရှစ်နိုင်ငံလောက်နဲ့ နယ်နိမိတ်ချင်းကလည်း ထိစပ်နေတာ ဖြစ်ပါတယ်။ အဲဒီပြည်နယ်မှာ လူဦးရေ ၁၉ သန်းလောက် ရှိတဲ့ အထဲက တဝက်လောက်က မူဆလင် ဝိဂါတွေ ဖြစ်ပါတယ်။ သယံဇာတ ပေါကြွယ်၀ပြီး စီးပွားရေး ကောင်းတော့ ဟန်တရုတ် လူမျိုးတွေ ပြောင်းရွေ့ နေထိုင်လာကြတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တရုတ် အစိုးရဟာ လူနည်းစု ဒေသခံ ဝိဂါ လူမျိုးတွေ အပေါ် ဖိနှိပ်တယ် ဆိုပြီး ဟန်လူမျိုး ဆန့်ကျင်ရေးတွေ ၁၉၉၀ နှစ်တွေမှာ စဖြစ်ပေါ်ခဲ့ကာ အကြမ်းဖက်မှုတွေလည်း မကြာခဏ ထ ဖြစ်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကလည်း အဲဒီ ရှန်ကျန်း ပြည်နယ် ပီရှန်အရပ်မှာ လူသုံးယောက်က ဓားကိုင် တိုက်ခိုက်တဲ့ အတွက် ငါးယောက် သေပြီး ဆယ်ယောက် ဒဏ်ရာရခဲ့ရပါတယ် ။ အဲဒီနောက် ရဲတွေ ရောက်လာပြီး ပစ်ခတ်ခဲ့တဲ့ အတွက် ဓားကိုင် တိုက်ခိုက်သူ သုံးယောက်လည်း သေဆုံးသွားခဲ့ပါတယ်။ ဒီ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို အတိအကျ မသိရသေးပေမယ့် အစိုးရကတော့ ဒီတိုက်ခိုက်မှုမျိုးတွေဟာ မူဆလင် အကြမ်းဖက် သမားတွေကသာ ကျူးလွန်တက်တာလို့ ဆိုပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ အခုလို အကြမ်းဖက်မှတွေ ဖြစ်ရတာဟာ အစိုးရက ဝိဂါလူမျိုးတွေကို ဘာသာရေး နဲ့ ဓလေ့ ထုံးတမ်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လို့ ဖြစ်ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရက တော့ သူတို့အနေနဲ့ ဖိနိပ်မှု တစုံတရာ လုပ်တာ မရှိဘူးလို့ ပြောပါတယ်။ တကယ်တမ်းတော့ ပြည်နယ် အစိုးရရဲ့ အင်တာနက် စာမျက်မှာမှာတော့ ဒီတိုက်ခိုက်မှု ကျူးလွန်သူတွေကို ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက် သမားတွေလို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းဖြန့်ခဲ့တဲ့ ဝိဂါ လူငယ်နှစ်ယောက် အပါအဝင် လူခြောက်ယောက် အဖမ်းခံခဲ့ရတယ်လို့ ပြည်ပရောက် ကမ္ဘာဝိဂါ ကွန်ဂရက်စ် က Dilxat Raxit က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို အကြောင်းပြလို့ အဲဒီ ဒေသမှာ လုံခြုံရေး တပ်ဖွဲ့ အများအပြား ချထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ထောင်သောင်းချီတဲ့ လက်နက်ကိုင် အရာရှိတွေက စုရုံး အင်အားပြနေသလို မြို့တွေ လမ်းတွေပေါ်မှာလည်း သံချပ်ကာကားတွေနဲ့ ကင်းလှည့်နေတာ တွေ့ရပါတယ်။

ဒါ့အပြင် အခုလို အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ မော်တော်ကားတွေကို ခြေရာခံနိုင်မယ့် ကိရိယာတွေ တပ်ဆင်ခိုင်းနေတဲ့ အပေါ် လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီအစီအစဉ် အပေါ် ဝေဖန် ပြောဆိုနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ